24 C
Yangon

နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် လွတ်ငြိမ်းတွင် ပါသည်ဟု စစ်ကောင်စီ ပြောသော်လည်း အမှန်တကယ် လွတ်မြောက်လာသူ ၃၄၄ ဦးသာရှိပြီး စစ်ကောင်စီ၏ လိမ်လည်မှုကို နိုင်/ကျဉ်းဟောင်းများ ပြင်းထန်စွာ ရှုတ်ချ

Must read

နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် လွတ်ငြိမ်းတွင် ပါသည်ဟု စစ်ကောင်စီ ပြောသော်လည်း အမှန်တကယ် လွတ်မြောက်လာသူ ၃၄၄ ဦးသာရှိပြီး စစ်ကောင်စီ၏ လိမ်လည်မှုကို နိုင်/ကျဉ်းဟောင်းများ ပြင်းထန်စွာ ရှုတ်ချ

ရန်ကုန်၊ ဇန်နဝါရီ ၆

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် လွတ်ငြိမ်းတွင် ပါသည်ဟု အကြမ်းဖက် စစ်ကောင်စီပြောသော်လည်း အမှန်တကယ် လွတ်မြောက်လာသူ ၃၄၄ ဦးသာရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီက အကျဉ်းသား ၅၈၆၄ ဦး လွှတ်ပေးခဲ့ပြီး လွှတ်ပေးသည့်ထဲတွင် ပုဒ်မ ၅၀၅ ဖြင့် မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးခန့်ပါဝင်မည်ဟု ပြောဆိုထားသော်လည်း အမှန်တကယ် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၂၀၈ ဦး နှင့် အကျဉ်းသူ ၁၃၁ ဦး စုစုပေါင်း ၃၄၄ ဦးသာ လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်‌မြောက်လာမှု စာရင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၄၀ ကျော်မှ စောင့်ကြည့်ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ပုံမှန်အားဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်း မြေပြင်မှာ ရရှိဖို့ ခက်ခဲတာကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အမြတ်ထုတ်တယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ်လို လူသိများတဲ့ ခေါင်းဆောင် ၁ ဦးကို အလွတ်ပြတယ်။ ကျန်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို အလွှတ်ပြပြီး နိုင်ငံတကာအနေနဲ့ နိုင်ငံရေးအကျဉ်းသားဦးဆောင်သူတွေ လွတ်တယ် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဝန်းကျင်လွတ်ခဲ့တယ်ဆိုတဲ့ အမြင်က စစ်ကောင်စီထုတ်ပြန်ချက်ကို ကိုးကားရတာရှိတယ်။ ဒီလို သူတို့ရဲ့ ထုတ်ပြန်ချက် တစ်ခုတည်းကို ကိုးကားရတဲ့ အခြေအနေမှာ ဒီလ်ုလုပ်တာဟာ နိုင်ငံရေးအမြတ်ထုတ်တာ ပြည်သူတွေကို လိမ်လည်တာ ဖြစ်တယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လိမ်လည်ထုတ်ပြန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်များကို ချင့်ချိန်ယုံကြည်ကြရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေနှင့် အကြမ်းဖက်စစ်ကောင်စီ၏ လိမ်လည်မှုများကို အများသိရှိစေရန် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်အရေအတွက်ကို လိမ်လည်၍ နိုင်ငံရေး အမြတ်ထုတ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ ဦးကလည်း စုပေါင်း၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးခြေနင်းခုံအဖြစ် ချနင်း၍ ပြည်သူလူထု နှင့် တကမ္ဘာလုံးကို လိမ်လည်ရန် ကြိုးစားသော အကြမ်းဖက် စစ်ကောင်စီ ၏ လုပ်ရပ်ကို နိုင်ငံရေးအကျဉ်းသား ဟောင်းများ အနေနှင့် မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက် သွားမှာဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ ဇန်နဝါရီ ၄ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား၊အကျဉ်းသူ ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲကျခံရမည်ဟု ပါရှိရာ အဆိုပါ အကျဉ်းသား/သူများမှာ မည်သည့် ပုဒ်မများဖြင့် ကျခံနေရသူများဖြစ်သည်ဟု မပါရှိတဲ့အပြင် မည်သူများဖြစ်သည်ဟု ပါ မပါရှိခဲ့သည့်အတွက် ဆက်လက် စောင့်ကြည့် အချက်အလက်စိစစ်သွားဖို့ လိုအပ်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုဗျတ္တက ပြောဆိုသည်။

ထို့ပြင် သတင်းမီဒီယာများအနေနှင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ကလိမ်ကကျစ် လိမ်လည် ပြောဆိုနေမှုများအပေါ် သတိကြီးကြီးထား၍ စောင့်ကြည့် သတင်းတင်ဆက်ရန်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article