ရန်ကုန်၊ ဇန်နဝါရီ ၇
မန္တလေးတိုင်း ပုဂံညောင်ဦးမြို့ကုတင် ၁၀၀ ဆေးရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မိတ္ထီလာမြို့ ရဲတပ်ရင်း ၃၅ မှ ရဲတပ်သား အသက် ၁၉ နှစ်အရွယ် မောင်နေသူအောင်က လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသဖြင့် ဆုငွေ ကျပ်သိန်း၄၀ ချီးမြှင့်ပေးခဲ့ကြောင်း Southern YSO PDF အဖွဲ့မှ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် မောင်နေသူအောင်သည် ပါးရီ စက်ကလေး သေနတ်အမျိုးအစား ခေါ် 81 သေနတ် တစ်လတ်၊ကျည်ဘောက်၂ခု၊ 7 ဒသမ 62 ကျည် အတောင့် ၅၀ တို့နှင့်အတူ လက်နက်အပ်အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဒီညီလေးက ၂၀၂၂ ခုနှစ်မှာ ရန်ဖြစ်တဲ့ကိစ္စ အသက် ၁၇ နှစ်လောက် အခုမှ ၁၉ နှစ်ရှိသေးတာ။ ရန်ဖြစ်လို့ အဖမ်းခံရပြီး စစ်မှုထမ်းဆွဲသွင်းခံရတာ။ စိတ်ပါလို့ ရောက်သွားတဲ့ လူတွေ မဟုတ်ဘဲ အတင်းအကျပ် မရောက်ချင်ဘဲ ရောက်သွားရတာ။ အဓိကက အာဏာရှင် လက်အောက်မှာ သူတို့ အလုပ်မလုပ်ချင်လို့ပါ”ဟု Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်နက်နှင့်တကွ အလင်းဝင်လာသည့် မောင် နေသူအောင်ကို ဆုငွေနှင့်အတူ ၎င်း နေထိုင်လိုသော နေရာသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF အဖွဲ့ထံမှ သိရှိရသည်။
လက်ရှိ အချိန်အထိ Southern YSO PDF အဖွဲ့ ထံသို့အလင်းဝင်ရောက်လာသော စစ်ကောင်စီဝင် တပ်သား အမြောက်အမြားရှိနေပြီဖြစ်ပြီး အချို့သည် ၎င်းတို့နေထိုင်လိုသော ဒေသသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများလည်း ရှိကြောင်း Southern YSO PDF အဖွဲ့က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar