20 C
Yangon

ပုသိမ်၊ ခလရ ၁၁ မှ စစ်သား ၄ ဦးကို ထွက်ပြေးနေ၍ တွေ့ရှိပါက အကြောင်းကြားရန် စစ်တပ်က လိုက်လံနှိုးဆော်၊ စစ်သားနှင့်ရဲများ ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ခလရ ၁၁ တပ်ရင်းမှ ထွက်ပြေးသွားသော စစ်သား ၄ ဦးကို စစ်တပ်က လိုက်မရှာခိုင်းဘဲ လိုက်ရှာသူများပါ ထွက်ပြေးမည်ကို စိုးရိမ်၍ ပြည်သူများတွေ့ရှိပါက သတင်းပို့ရန် အုပ်ချုပ်ရေးမှူးများကို ခိုင်းစေထားကြောင်း ပုသိမ်-သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ပုသိမ်မြို့၊ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၁ တပ်ရင်းမှ တပ်ကြပ် ၁ ဦး အပါအဝင် တပ်သား ၄ ဦးသည် တပ်မှ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ထွက်ပြေးသွားသော်လည်း နီးစပ်ရာ ကျေးရွာများကို စစ်ကောင်စီ တပ်သားများ စေလွတ်၍ လိုက်ရှာခိုင်းခြင်းမရှိဘဲ လိုက်ရှာခိုင်းသူများပါ ထပ်မံ ထွက်ပြေးမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးသွားသော တပ်ကြပ် ၁ ဦး အပါအဝင် တပ်သား ၄ ဦးကို ဝါးယားချောင်းရွာ၊ ရွှေမြင်တင်ရွာ၊ ဇင်ပြွန်ကုန်းရွာ၊ သစ်ပုတ်ကုန်းရွာနှင့် နီးစပ်ရာ ကျေးရွာများမှ ပြည်သူများအနေဖြင့် တွေ့ရှိရင် သတင်းပေးပို့ရန်နှင့် အုပ်ချုပ်ရေးမှူးများကိုလည်း ရှာဖွေခိုင်းထားကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီ ပထမ ပတ်အတွင်း အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ထွက်ပြေးသွားသော စစ်မှုထမ်းများ ရှိသည့်အတွက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖောကား ၁ စီးဖြင့် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့တွင် မရမ်းချောင်း ကျေးရွာအုပ်စုနှင့် ရွှေမြင်တင် ကျေးရွာအုပ်စုတို့ကို ရှောင်တခင် ဝင်ရောက် စစ်ဆေး‌မှုများ ပြုလုပ်သွားကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂ ရက်နေ့ကလည်း ရွှေသောင်ယံ မြို့နယ်ခွဲ မကျီးဇင်တိုက်နယ်ရဲစခန်းမှ ဆုတ်ခွာ ထွက်ပြေးလာသော ရဲသား ၆ ဦးနှင့် ရဲမေ ၂ ဦးကို သာပေါင်းမြို့ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ရဲသား ၆ ဦးကို အချုပ်ထဲတွင် ထည့်ထားကာ ရဲမေ ၂ ဦးကို ရဲစခန်းဝင်းတွင် အကျယ်ချုပ်ထားရှိပြီး မကျီးဇင် တိုက်နယ်ကို ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

သာပေါင်းမြို့ ရဲစခန်းတွင်လည်း စခန်းမှူး ဝင်းနိုင်ဦးက စခန်းအတွင်း ကတုတ်ကျင်းများကို လူတရပ်ကျော် တူးခိုင်းပြီး သဲအိတ်များထပ်ကာ၍ ခံစစ်များ ပြင်ဆင်ထားကြောင်း သိရသည်။

ဓာတ်ပုံ – ခရီးသည်တင်ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article