32 C
Yangon

ပုဇွန်တောင်တွင် ဈေးရောင်းပွဲသို့ သွားရောက်သည့် အသက် ၁၈ နှစ်အရွယ် မောင်ကျော်ကျော်ကို စစ်တပ်က ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီး၊ ရန်ကုန်တွင် အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် ကျောင်းသားတချို့ ပျောက်ဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

ရန်ကုန်မြို့၊ ပုဇွန်တောင်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသော ဂျပန်တံတား အနီးတွင် ပြုလုပ်သည့် ဈေးရောင်းပွဲတော်ကို သွားရောက်သည့် အသက် ၁၈ နှစ်အရွယ် ကိုကျော်ကျော်ကို အကြမ်းဖက် စစ်တပ်က ရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် အသက် ၁၈ နှစ်အရွယ် ကိုကျော်ကျော်သည် ပုဇွန်တောင် ဂျပန်တံတားအနီးတွင် ပြုလုပ်သည့် စျေးရောင်းပွဲတော်ကို သွားရောက်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ကိုကျော်ကျော်ကို စစ်တပ်က ရိုက်နှက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ကို ၎င်း၏ မိတ်ဆွေ ဖြစ်သူထံ Message ပို့၍ ဖခင်ဖြစ်သူကို အကြောင်းကြားပေးရန် ပြောဆိုခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ဖခင်ဖြစ်သူ သိရှိသွားပြီးနောက် သားဖြစ်သူထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း စက်ပိတ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းသွားသော ကိုကျော်ကျော်သည် ရေကျော် ပုဇွန်တောင်ရှိ အထည်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မိဘဖြစ်သူများကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း၊ ထို့ပြင် မိခင်ဖြစ်သူမှာလည်း သားဖြစ်သူစိတ်ဖြင့် အိပ်ယာထဲတွင် လဲနေပြီး ကျန်းမာရေး မကောင်းကြောင်း သိရသည်။

“ပျောက်ဆုံးသွားတဲ့ ကောင်လေးအမည်က မောင်ကျော်ကျော်ပါ အသက်က ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ရေကျော် ပုဇွန်တောင်က အထည်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ လွတ်လပ်ရေးနေ့က ပုဇွန်တောင် ဂျပန်တံတားနားမှာ စျေးရောင်းပွဲတော်ကို သွားရင်း ပျောက်ဆုံးသွားတာ သူပေါ်တာဆွဲ ဖမ်းဆီးခံရပြီကို Message နဲ့ သူ့ မိတ်ဆွေ တစ်ဦးကို အကြောင်းကြားခဲ့တယ်။ ကျွန်တော့်ကို စစ်တပ်က လာဖမ်းနေတယ်။ ပါးတွေနားတွေကိုလည်း ရိုက်တယ် အဖေ့ကို လှမ်းပြောပေးပါ ဆိုပြီး သူစာပို့ခဲ့တယ်။ သူစာပို့လိုက်တဲ့ အသိမိတ်ဆွေက သူ့မိသားစုကို ပြောတော့မှ သူ ပေါ်တာဆွဲ ဖမ်းဆီးခံရလိုက်ရပြီဆိုတာ သိလိုက်ရတာ ကောင်လေးရဲ့ အဖေက သူ့သားရဲ့ ဖုန်းကို လှမ်းခေါ်တော့ ဖုန်းတော့ဝင်တယ်။ ဖုန်းမကိုင်တော့ဘူး။ သူ့အမေလည်း အိပ်ယာထဲမှာ သူ့သားစိတ်နဲ့ လဲနေတယ်။ ကျန်မာရေး မကောင်းဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် မောင်ဟိန်းဒီပါဇော်သည် နေအိမ်မှ ကျောင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မောင်ဟိန်းဒီပါဇော်သည် ကမာရွတ်မြို့နယ် စံရိပ်ငြိမ်မှတ်တိုင်မှ စိုက်ပျိုးရေးမှတ်တိုင်ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) ကို YBS 131 ဖြင့် ကျောင်းသွားပြီးနောက် ကျောင်းသို့ ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁ ရက်နေ့ကလည်း နေပြည်တော်မှ ရန်ကုန်သို့ လာရောက်သည့် အသက် ၁၆ နှစ်အရွယ် မောင်ဆန်ဝင်းအောင်သည် ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးတွင် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပျောက်ဆုံးနေသော မောင်ဆန်ဝင်းအောင်သည် ရန်ကုန်သို့ ရောက်ရှိပြီးနောက် ဆူးလေကို သွားရောက်လည်ပတ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

“မောင်ဆန်ဝင်းလေးက အမေမရှိတော့ အဖွားနဲ့ အတူနေတာ သူ့အဖွားလည်း သူ့စိတ်နဲ့ ရူးမတတ်ဖြစ်နေတယ်။ နေပြည်တော်ကနေ ရန်ကုန်လာရင်းနဲ့ ပျောက်နေသွားတာ သူက ကျိုတ်လတ်မြို့ ထုံးကြီးရွာဇာတိပါ နေပြည်တော်မှာ အလုပ်လုပ်နေတာ ရန်ကုန်ကို သွားလည်ရင်းနဲ့ ပျောက်သွားတာ” ဟု မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်တွင်နေထိုင်သော အသက် ၂၁ အရွယ် စိတ်ဝေဒနာ ခံစားနေရသည့် ကိုဒွေးရာဇာသည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားပြီး လက်ရှိချိန်ထိ ပြန်လည် တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။ဗ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article