30 C
Yangon

နတ်တလင်းတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို ပစ်ခတ်မှု ပြည်သူ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရ ၊ သုံးဆယ်မြို့ပေါ်တွင်လည်း စစ်တပ်က သေနတ်ဖောက်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး

Must read

နတ်တလင်းတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို ပစ်ခတ်မှု ပြည်သူ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရ ၊ သုံးဆယ်မြို့ပေါ်တွင်လည်း စစ်တပ်က သေနတ်ဖောက်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို လိုက်လံပစ်ခတ်ရာ ပြည်သူ ၃ ဦးကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ မြို့ခြံကျေးရွာမှ ကိုဆန်းမင်းဦး (ခ) ချက်ကြီး၊ ကိုစည်သူကျော်နှင့် အမည်မသိ လူငယ် ၁ ဦးတို့ စီးလာသည့် ဆိုင်ကယ်ကို နတ်တလင်းမြို့အထွက် 3 Star KTV အနီး လမ်းပိုင်းတွင် စစ်သားနှင့် ရဲများက ပေါ်တာဆွဲ ဖမ်းဆီးရန် တားဆီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ တားဆီး ဖမ်းဆီးစဥ် လူငယ်များက ကြောက်လန့်၍ ထွက်ပြေးခြင်းကြောင့် ရဲနှင့် စစ်သားများက လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ကိုဆန်းမင်းဦး (ခ) ချက်ကြီးသည် ဗိုက်ကို ကျည်ထိမှန်ပြီး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် ကိုစည်သူကျော်မှာလည်း လက်တွင် ဖောက်ထွက် ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ယာဥ်ဖြင့် စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

“နတ်တလင်းမြို့ အနောက် 3 Star KTV နားမှာ ရဲခွေး နဲ့ စစ်ခွေးတွေက ဆိုင်ကယ်စီးလာတဲ့ ကောင်လေးတွေကို ပေါ်တာဆွဲမလို့ ဆိုင်ကယ်ကိုတားတာ ရဲခွေးနဲ့ စစ်ခွေးတွေမြင်တော့ ကောင်လေးတွေက ကြောက်ပြီး ထွက်ပြေးတာကို လိုက်ပစ်တာ။ ကောင်လေးတစ်ယောက်က ဗိုက်ကို သေနတ်မှန်ပြီး အရေးပေါ်တင်ထားရတာ အသက်လုနေရတယ်။ တစ်ယောက်က လက်ကိုသေနတ်မှန်တာ လက်ဖြတ်ရမယ်လို့ပြောတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ဇန်ဝါရီလ ၆ ရက်နေ့ကလည်း နတ်မောက်မြို့ပေါ်ရှိ လဝကရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသွား၍ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ရာ ကျည်ရှပ်ထိ ဒဏ်ရာရရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပျူစောထီးများ ဝင်ရောက် ပေါ်တာဆွဲခြင်းကြောင့် လူနာစောင့် အမျိုးသားများ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီးခံရသူ ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပဲခူးတိုင်း၊ သုံးဆယ်မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က သေနတ်ပစ်ဖောက်၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် သုံးဆယ်မြို့၊ ဂျောင်ဂျက်ခြုံ ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က သေနတ်ပစ်ဖောက်၍ ရပ်ကွက်အတွင်းရှိ လူငယ်များကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ်များ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ညပိုင်းကလည်း သုံးဆယ်မြို့ ကွက်သစ် ရပ်ကွက်ရှိ လူငယ်များကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“သုံးဆယ်မြို့ပေါ်မှာ ညဘက်တွေ စစ်ခွေး၊ ရဲခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးနေတာ နေ့စဥ် ရက်တိုင်းဖြစ်နေတယ်။ ၇ ရက်နေ့ ညပိုင်းက ကွက်သစ် ရပ်ကွက်ဘက်မှာ အိမ်ထဲထိ ဝင်ဆွဲတာ ညီအကို ၂ ဦးကို ၁ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်။ ၁ ဦးကတော့ ဖမ်းဆီးခံလိုက်ရတယ်။ ၆ ရက်နေ့မှာတော့ ဂျောင်ဂျက်ခြုံ ရပ်ကွက်ကို သေနတ် ၅ ချက် ပစ်ဖောက်ပြီး ရပ်ကွက်ထဲ ပေါ်တာဝင်ဆွဲတာ လူငယ်များ တိမ်းရှောင်နိုင်လိုက်လို့ ဖမ်းဆီးခံရသူမရှိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးပြ လှည့်လည်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article