23 C
Yangon

ကန့်ဘလူရှိ အင်းမရွာနှင့် ဖလားရရွာ ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ၊ အထက်မင်းလှမြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများကို PDF တပ်ဖွဲ့က ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးနေ

Must read

ကန့်ဘလူရှိ အင်းမရွာနှင့် ဖလားရရွာ ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ၊ အထက်မင်းလှမြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများကို PDF တပ်ဖွဲ့က ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမရွာနှင့် ဖလားရရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ အင်းမရွာနှင့် ဖလားရရွာတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပင့်သာတိုက်နယ်မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ၂ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းထားတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။ ရွာထဲပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ခွေးစစ်ကြောင်းတွေရှိနေသေးတယ်” ဟု ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း အထက်မင်းလှမြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးထားကြောင်း Upper Minhla P.D.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် မှ စတင်၍ အကြမ်းဖက် စစ်တပ်က အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်​ကြောင်းထိုးပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျေးရွာချင်းဆက်လမ်းများ၏ ဝင်ပေါက်များတွင် ကင်းပုန်းများချခြင်း၊ ပုသိမ်-မုံရွာလမ်းမကြီး အနားမှ လက်နက်ကြီးများဖြင့် ရမ်းတမ်း ပစ်ခတ်နေခြင်း၊ ဒရုန်းများ အသုံးပြု၍ ကျေးရွာ အနီးဝန်ကျင်များကို ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပုသိမ် -မုံရွာ လမ်းမကြီးဘေးနှင့် ထိစပ်နေသော ကန်တုတ် ၊လက်ပံတံခါး ၊ရှမ်းတပ် တိုက်နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကန်တုတ်၊ ဆောင့်ညှောင်၊ ကန်နီ ၊လက်ပံတံခါး၊ ကဒေါင်းဇောက်၊ လိန်ကျော၊ သရက်အုပ်၊ မြို့သစ်၊စျေးကြီး၊ အောက်ကိုင်း၊ ချင်းကုန်း၊ မြောက်မျှားကုန်း၊ ရွာပုလဲ၊ ရေငံ၊ စစ်စစ်ယို၊ ငါးဘတ်အိုင်၊ ရွေချောင်း၊ သီးကုန်း၊ ကျောက်ထပ်၊ ဆင်ဖြူကန်၊ လှေ့စဥ်၊ ဆုံကုန်း၊ ခါးဇက်၊ သက္ကယ်မြောင်၊ သခွက်ရင်း၊ သဲကြီးကုန်း၊ မဒိုင်း၊ ကိုင်းငယ်ကြီး၊ ကိုင်းငယ်လေးရှမ်းတပ်ကြီး၊ ဘန့်ပြင်၊ စမ်းလယ်၊ မီးလောင်ကုန်း၊ မကြီးကုန်း၊ ကုန်းပေတော၊ ကန်ကျော၊ ကတဲ၊ ရေကျော်၊ ကြက်ဆူကုန်း စသည့်ကျေးရွာပြည်သူများအနေ အထူးဂရုစိုက် သွားလာနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့က အသိပေး ပြောဆိုထားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် နီးကပ်လျက်ရှိသော ကျေးရွာ ၅ ရွာမှ ထောင်နှင့် ချီသော ပြည်သူများကိုလည်း PDF တပ်ဖွဲ့များက စစ်ကြောင်း ဘေးလွတ်ရာကို ရွေ့ပြောင်းပေးထားကြောင်း သိရသည်။

ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် လမ်းမကြီးတလျောက်နှင့် ကျေးရွာချင်းဆက် လမ်းများကို ယာယီ သွားလာခြင်းမပြုလုပ်ကြရန်နှင့် ရဲစခန်း၊ဂိတ်များ နှင့် နီးကပ်စွာအတူယှဥ်တွဲနေထိုင်နေကြသော လူနေအိမ်များရှိ ပြည်သူများအနေဖြင့် စောလျင်စွာ နေရာရွေ့​ပြောင်း နေထိုင်ကြရန် သတိပေး နှိုးဆောင်ထားကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ပြည်သူတွေကို လူသားဒိုင်းဖမ်းထားတာတော့ရှိပါတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာတော့ မကြားမိသေးဘူး။ ကျေးရွာပေါင်း ၅ ရွာလောက် ရှောင်နေရပြီးတော့ ပြည်သူ ၂၅၀၀ လောက်ကို ဘေးလွတ်ကင်းရာကိုရွေ့ပြောင်းပေးထားပါတယ်” ဟု Upper Minhla P.D.F မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့် ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မဂ်လာဘုန်းတော်ကြီး ပညာသင် (ဘက) ကျောင်း အတွင်း တပ်စွဲ အထိုင်ချနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article