ရန်ကုန်၊ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုစောင်းခံရသော အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲအတွင်း သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များ အသိမပေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဧပြီလပိုင်းတွင် မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ အသက် ၃၂ နှစ် အရွယ် ကိုတင်အောင်ဝင်း ကို အုပ်ချုပ်ရေးနှင့် ပျူစောထီးများက နေအိမ်အတွင်း လာရောက် ဖမ်းဆီးသွားပြီး အတင်းအဓမ္မ စစ်တပ်ထဲ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အတင်း အဓမ္မ စစ်မှုထမ်း တပ်သားသစ် စုစောင်းခံရပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်သင်တန်း ၃ လပေးပြီး ရှေ့တန်းကို ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း၊ ရှေ့တန်း စစ်မျက်နှာပြင်ကို ရောက်ရှိပြီးနောက် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆီဆိုင်မြို့၌ ဖြစ်ပွားသော တိုက်ပွဲအတွင်း ကိုတင်အောင်ဝင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှေ့တန်း တိုက်ပွဲအတွင်း ကိုတင်အောင်ဝင်း သေဆုံးသွားသော်လည်း အကြမ်းဖက် စစ်တပ်က မိသားစုဝင်များ အသိမပေးကြောင်း၊ ကိုတင်အောင်ဝင်း၏ မိတ်ဆွေ ဖြစ်သူများက မိသားစုဝင်များကို ဆက်သွယ်ပြောမှသာ တိုက်ပွဲအတွင်း သေဆုံးသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကိုတင်အောင်ဝင်းသည် ရှေ့တန်း တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က မိသားစုဝင်များကို မည်သည့် အကျိုးခံစားခွင့်မှ ပေးပို့ ထောက်ပံ့ခြင်းမရှိကြောင်း သိရသည်။
“မရမ်းကုန်း သမိုင်းမြို့သစ် ၁ ရပ်ကွက်မှာ စစ်မှူထမ်း အမှတ်စဉ် ၁ က ပါသွားတဲ့ တင်အောင်ဝင်း (ခေါ်) အဖိုးကြီး ဆီဆိုင်မြို့ တိုက်ပွဲမှာကျသွားတာကိုအကြမ်းဖက် စစ်တပ်က မိသားစုဝင်တွေဆီကို အကြောင်း မကြားဘူး။ ၄ ရက်လောက်က တိုက်ပွဲမှာ ကျသွားတာလို့သိရတယ်။ သူ့မိတ်ဆွေတွေက သူတို့ မိသားစုကို အကြောင်းကြားမှ သိရတာ အကြမ်းဖက် စစ်တပ်က ဘာထောက်ပံ့ကြေး ညာထောက်ပံ့ကြေးမှလည်း မပေးနိုင်ဘူးတဲ့ စစ်မှူထမ်း အပတ်စဉ် ၁ အတွက် မဲပေါက်တယ်ဆိုပြီး လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလပိုင်း လောက်က ပျူစောထီးတွေနဲ့ အုပ်ကြီးတွေက နေအိမ်ကို ရောက်လာပြီး အတင်း အဓမ္မ ဖမ်းခေါ်သွားတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့ တောက်လျှောက် စေလွှတ်လျက်ရှိပြီး တိုက်ပွဲတွင် သေဆုံးသွားသည့်အခါ မိသားစုထံ အသိပေး အကြောင်းကြားခြင်းမရှိသည့်အပြင် သေဆုံး တပ်သားများအတွက် ကျန်ရစ်သူမိသားစုများထံသို့ ပေးအပ်ရမည့် ခံစားခွင့်များကိုလည်း ငြင်းပယ်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar