25 C
Yangon

စစ်ကောင်စီက ဖြေရှင်းရန် ဆန္ဒမရှိဘဲ လျစ်လျူရှုထားသော မြန်မာနိုင်ငံမှ ဆိုက်ဘာရာဇ၀တ်မှုများကို NUG နှင့် KNU အပါ အဝင် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းတိုက်ဖျက်ရန် နိုင်ငံတကာကို ဖိတ်ခေါ်

Must read

စစ်ကောင်စီက ဖြေရှင်းရန် ဆန္ဒမရှိဘဲ လျစ်လျူရှုထားသော မြန်မာနိုင်ငံမှ ဆိုက်ဘာရာဇ၀တ်မှုများကို NUG နှင့် KNU အပါ အဝင် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းတိုက်ဖျက်ရန် နိုင်ငံတကာကို ဖိတ်ခေါ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

အကြမ်းဖက် စစ်ကောင်စီက ဖြေရှင်းရန် ဆန္ဒမရှိသော မြန်မာနိုင်ငံမှ ဆိုက်ဘာရာဇ၀တ်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းတိုက်ဖျက်ရန် နိုင်ငံတကာကို ဖိတ်ခေါ်ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၄ နှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာကြောင်း၊ စစ်အစိုးရအဆက်ဆက်၏ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ တာဝန်ခံမှု ကင်းမဲ့ခြင်းနှင့် အကျင့်ပျက် ခြစားခြင်းများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် တရားမဝင် ကျုးလွန်လုပ်ဆောင်မှုများသည် မြန်မာ နိုင်ငံတွင် ဆယ်စုနှစ်များစွာ အမြစ်တွယ်လာခဲ့ကြောင်း၊ မိမိတို့ကာလရှည်ကြာစွာထောက်ပြလာခဲ့သည့် မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့် အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျှင်ပင် လုံခြုံရေးပေးခြင်း နှင့် အထောက်အကူပြုပေးခြင်းများ တို့ဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်ကြောင်း KNU က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏အာဏာတည်မြဲရေး အတွက်သာ အာရုံစူးစိုက် လုပ်ကိုင်လျက်ရှိရာ ဆိုက်ဘာရာဇဝတ်မှုကဲ့သို့သော အရေးကြီးသော ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းလိုသည့်ဆန္ဒမရှိခြင်းတို့ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏အနာဂတ် နှင့်အတူ အထူးသဖြင့် ဒေသတွင်းရှိ လူငယ်များ နှင့် နိုင်ငံတကာရှိ အပြစ်မဲ့ပြည်သူများအတွက် များစွာစိုးရိမ်မှုများ မြှင့်တက်လျှက်ရှိကြောင်း၊ အဆိုပါနိုင်ငံဖြတ်ကျော် မှုခင်းများ ကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မိမိတို့နှင့်အတူ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် မိမိတို့အရေးတကြီး တောင်းဆို ကြောင်း KNU က ကြေညာသည်။

“ကျနော်တို့နဲ့ လက်တွဲ တိုက်ဖျက်ဖို့ ဖိတ်ခေါ်တာပါ” ဟု KNU ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ပဒိုစောတောနီးက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ကျယ်ပြန့်သော နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် တော်လှန်ရေး ဖယ်ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများအနေနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများမှလည်းကောင်း၊ အာဆီယံ ဒေသတွင်း နှင့် ကုလသမဂ္ဂ၏ အေဂျင်စီ များက လည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိကြောင်း၊ ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ်မှုနှင့် လူသားအပေါ် အမြတ်ထုတ်ခြင်း ဆိုင်ရာ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းသော အုပ်ချုပ်ရေး ပြန်လည် ထူထောင် နိုင်မည် ဖြစ်ကြောင်း KNU က ကြေညာသည်။

လက်ရှိ NUG (အမျိုးသားညီညွတ်ရေး အစိုးရ)၊KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ NMSP –AD (မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)၊ WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ) တို့က လူသားအပေါ်အမြတ်ထုတ်မှုအလုံးစုံကို အခိုင်အမာ ဆန့်ကျင် ပြီး ၂၀၂၁ ခုနှစ်တွင် မတရားအာဏာသိမ်းရန် ကြိုးပမ်းခဲ့သော စစ်ကောင်စီကို စဉ်ဆက်မပြတ် ခုခံတော်လှန်သွားရန် ကတိကဝတ် ထားရှိကြောင်း၊ မိမိတို့၏ ရည်မှန်းချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ရန် ဖြစ်ကြောင်း၊ မြန်မာစစ်တပ် ဆုတ်ခွာသွားသည့် နယ်မြေများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် တရားဥပဒေစိုးမိုးရေးကဲ့သို့ မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပံ့ပိုးပေးနိုင်ရန် အုပ်ချုပ်ရေးယန္တရားများကို အကောင်အထည်ဖော်နိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများ ပေါ်ပေါက်လာရန် လုပ်ဆောင်နေကြောင်း KNU က ပြောသည်။

KNU အပါအဝင် တော်လှန်ရေးအင်အားစုများက မြန်မာနိုင်ငံကို ဒေသတွင်း ပဋိပက္ခများပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေသည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ ဗဟိုချက်မ မဖြစ်လာ စေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားကြောင်း၊ ထိုကဲ့သို့သော ဖြစ်ပေါ်နေသောအခြေအနေ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ပြည်တွင်း၊ ပြည်ပတွင် ဒုက္ခရောက်သူ များစွာရှိနေပြီး မိမိတို့ နိုင်ငံ၏ လုံခြုံရေးကိုလည်း ဆိုးရွားစွာခြိမ်းခြောက်နေကာ ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်လျက်ရှိကြောင်း KNU အသိပေးကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article