ရန်ကုန်၊ ဇန်နဝါရီ ၂၂
အကြမ်းဖက် စစ်ကောင်စီက စစ်လေယာဉ်များဖြင့် တော်လှန်ရေးအဖွဲ့များ၏ နယ်မြေများကို ဗုံးကျဲမှုများ လုပ်ဆောင်ရာတွင် အမျိုးသမီး လေယာဉ်မောင်းများကို စတင်အသုံးပြုနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အမျိုးသမီးလေသူရဲတွေကို အရင်ကတည်းက သုံးပါတယ်။ ဒါပေမယ့် အဓိက စစ်ဆင်ရေးတွေမှာ သုံးတာမျိုး ၊ ဒီလောက်တော့ ပမာဏာ များများစားစား သုံးတာမျိုးမရှိဘူး။ အခုကတော့ အရေအတွက်များများစားစားနဲ့ တွဲဖက် လေသူရဲတွေအဖြစ် စစ်ဆင်ရေးတွေမှာ စတင်အသုံးပြုနေပါတယ်။ တွဲဖက်တွေအဖြစ် စတင် လေ့ကျင့်အသုံးပြုနေတာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက စတင်အသုံးပြုနေသော အမျိုးသမီးလေသူရဲများတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ မိတ္တီလာလေယာဉ် မောင်းသင်တန်း အပတ်စဉ် ၈၆ သင်တန်းဆင်းများစွာပါဝင်ကြောင်း၊ ယခင်လေသူရဲ ပိုင်းလော့ အမျိုးသမီးများစွာလည်း ပါဝင်နေကြောင်း သိရှိရသည်။
လတ်တလော အမျိုးသမီးလေသူရဲများကို မိတ္တီလာလေတပ်မှ စစ်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်သည့် စစ်ဆင် ရေးများတွင် တွဲဖက် စတင်လေ့ကျင့် အသုံးပြုနေခြင်းဖြစ်ပြီး ကျွမ်းကျင်လာသည်နှင့်အမျှ နေပြည်တော်၊ ရန်ကုန် နှင့်အခြားသော လေတပ်များသို့ ခွဲဝေ တာဝန်ချထားမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသမီးလေသူရဲများတွင် တိုက်လေယာဉ် ပိုင်းလော့လေသူရဲများနှင့် Mi 17 ၊ Mi 35 ရဟတ်ယာဉ်ပိုင်းလော့များလည်း ပါဝင်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ စစ်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်သည့် စစ်ဆင်ရေးများတွင် အမျိုးသမီးလေသူရဲများကို အစားထိုး အသုံးပြုလာခြင်းမှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ ဖြစ်ကြောင်း၊ အမျိုးသမီးများအနေ ဖြင့် အမျိုးသားလေသူရဲများထက် အထက်က ပေးအပ်သည့် အမိန့်ကို တသွေမတိမ်း ထမ်းဆောင်နိုင်လျှင် ပိုမို နေရာပေး၊ ရာထူးပေးရန်ပါ ညွှန်ကြားချက်များ ရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်မောင်း တွဲဖက် အမျိုးသမီး လေသူရဲ ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar