ရန်ကုန်၊ ဇန်နဝါရီ ၂၃
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး မျိုးသူရဝင်းနှင့် ပျူစောထီးများက ဗန္ဓုလအငှား အိမ်ယာမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၁၄၁/၂) ရပ်ကွက်အတွင်းရှိ ဗန္ဓုလအငှားအိမ်ယာတွင် အုပ်ချုပ်ရေးမှူး မျိုးသူရဝင်း ဦးဆောင်သော ပျူစာထီး ကိုကိုအောင်၊ စုစုဝေ၊ သီတာ၊ သားသား၊ ဖိုးသား၊ ခင်မောင်အေးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ခန်းနေ လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်ခြင်း၊ ဧည့်စာရင်း စစ်ဆေးချိန်တွင် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ လူငယ်အများစုကို အဓမ္မ ရိုက်နှက်ဖမ်းဆီးပြီး ငွေကြေး တောင်းရမ်းခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူး မျိုးသူရဝင်းသည် အိုးအိမ်ဝန်ထမ်း ဦးစီးမှူး ရုံးအုပ် သီတာဇင် ၊ ဝင်းနိုင်ထွန်း တို့နှင့် ပူးပေါင်း၍ ၎င်းတို့ထံမှ ဝယ်ယူခြင်းမရှိသော ပိုင်ရှင်များက တဆင့်ခံ ငှားရမ်းထားသော တိုက်ခန်းများကိုလည်း လိုက်လံ ပိတ်သိမ်းခြင်းများ လုပ်ဆောင်ကြောင်း၊ ၎င်းတို့ လုပ်ဆောင်မှုများကို ကန့်ကွက်ပါက စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်ထဲထည့်မည်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။
“ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးသူရဝင်းနဲ့ ပျူစောထီးတွေ စစ်ခွေးတွေ ပူးပေါင်းပြီး ဗန္ဓုလအငှားအိမ်ယာထဲမှာ တိုက်ခန်းနေ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်တာ ဧည့်စာရင်း စစ်ဆေးချိန်မှာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ လူငယ်တွေကို အဓမ္မ ရိုက်နှက်ဖမ်းဆီးပြီး ငွေကြေး တောင်းရမ်းတာတွေ လုပ်ဆောင်နေပါတယ်။ နောက်ပြီး အိုးအိမ်ဝန်ထမ်း ဦးစီးမှူး ရုံးအုပ် ဒေါ်သီတာဇင် နဲ့ ဦးဝင်းနိုင်ထွန်း တို့ကလည်း ရောင်းစားထားပြီး တဆင့်ငှားရမ်းထားတဲ့ တိုက်ခန်းတွေကို လိုက်ပိတ်တာတွေလုပ်နေပါတယ်။ သူတို့ငွေကြေးယူထားတဲ့ အခန်းတွေနဲ့ ချဲထီရောင်းချသူ၊ အရက်နှင့် ဆေးပြား ရောင်းချတဲ့ ပျူစောထီးတွေက ဝယ်ယူထားတဲ့ အခန်းတွေကို လုံးဝ မပိတ်ပါဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး သိန်းထွန်းအောင်က စစ်မှုထမ်းကြေးများကို ထပ်မံတိုးကောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
တိုက်ကြီးမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သိန်းထွန်းအောင်၊ ရာအိမ်မှူး ဖိုးထူး ၊ သောင်းအေး ၊ တင်စိုး နှင့် သဲဖား တို့က စစ်မှုထမ်းကြေး ၂၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ထိ တိုးကောက်နေကြောင်း၊ အဆိုပါ ရရှိလာသော ငွေကြေးများကိုလည်း အုပ်ချုပ်ရေးမှူး သိန်းထွန်းအောင်နှင့် ရာအိမ်မှုး၊ ဆယ်အိမ်မှုးများက အချိုးကျ ခွဲတမ်း ယူဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူး သိန်းထွန်းအောင်က အပတ်စဉ် ငွေကျပ် ၂၀၀၀၀ တောင်းတာကနေ ငွေကျပ် ၃၀၀၀၀ အထိ တိုးကောက်လာပါတယ်။ အဲလို တိုးကောက်ပြီး စစ်ခွေးတွေက ခွဲတမ်းချပြီး ယူဆောင်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar