ရန်ကုန်၊ ဇန်နဝါရီ ၂၃
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်းဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း People’s Revolution Alliance – PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၄၆ မိနစ်က ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီး ကျေးရွာအနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ ပဒါန်းဘက်မှ တက်လာသော စစ်ကောင်စီအင် အား ၁၀၀ ခန့် ပါ ခဲယမ်းတင်ကား ၄ စီးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား ၁ စီး ပျက်စီးသွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၇ ရက် နေ့ကလည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့် ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး ၂၀၂၅ ဇန်နဝါရီ လ အတွင်း တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှု တိုက်ပွဲမျးဖြစ်ပွားလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကို ပိတ်ဆို့ တိုက်ခိုက်ကာ ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ၊ ယင်း ထိတွေ့တိုက်ပွဲများတွင် ခမရ ၁၁၃ မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦး ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအ ဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးရရှိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဆေးမေးမြန်းနေတာရှိပါတယ်။ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဲဒါတွေပြီးရင်တော့ သက်ဆိုင်ရာကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ လက်ရှိ အမ်း-ပဒါန်းလမ်းပိုင်မှား ရန်သူ့ဘက်ကနေ ပဒါန်းတပ်နယ်လုံခြုံရေးဆိုပြီးတော့ အင်အားတွေ တိုးချနေတာရှိတယ်။ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူပေးနေတာတွေရှိတယ်။ ထွက်ပြေးနေတာတွေလည်းရှိတယ်။ စစ်ရေးအခြေအနေကတော့ရှုပ်ထွေးနေတုန်းပဲ။ ဒီကြားထဲမှာလည်း အမြဲတန်းလိုလို ရင်ဆိုင်တိုက်ပွဲတွေ ထိတွေ့မှုတွေဖြစ်နေတုန်းပဲ” ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များ အတိုင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသများ အထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် အမ်း-ပဒါန်းလမ်းပိုင်းမှတစ်ဆင့် စစ်ကူများ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar