ရခိုင်နှင့် ကပ်လျက်ရှိနေသော ဧရာဝတီတိုင်းမှ မြို့နယ် ၇ ခုသို့ ခရီးမသွားသင့်ကြောင်း ဗြိတိန် သတိပေး
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဧရာဝတီတိုင်းဒေသက နေရာ ၇ ခုကို မလွဲမရှောင်သာ ခရီးစဉ်များမှလွဲ၍ မလို အပ်ဘဲ ခရီးမသွားကြရန် ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) မှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
FCDO မှ ထုတ်ပြန်ထားသော မြို့နယ် ၇ ခုမှာ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်များဖြစ်ပြီး သတိပေးချက် သို့မဟုတ် အကြံဉာဏ်ကို ငြင်းပယ်ပါက ခရီးသွားအာမခံချက် ပျက်ပြယ်သွားနိုင်ကြောင်း ထပ်မံ သတိပေးထားခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်နှင့် ဧရာဝတီကြားက မကျီးဇင်၊ ဘောမိနှင့် ရိုးတောင်အစပ်တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည့်အတွက် ဗြိတိန် FCDO က ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ဧရာဝတီတိုင်းထဲက ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ စသည့် ကမ်းခြေများမှာ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်ကြသည့် နေရာများဖြစ်ပြီး တိုက်ပွဲများမှာ အဆိုပါကမ်းခြေများဖြင့် နီးကပ်လာနေသည်။
ယင်းအပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေး တိုင်းဒေသတို့ကို ခရီးသွားလာခွင့် ဆန့်ကျင်ကြောင်း FCDO က ဆိုသည်။
တနင်္သာရီတိုင်းမှ ကျွန်းစုနှင့် တောင်ဘက်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်း မြောက်ပိုင်းနှင့် ပြင်ဦးလွင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမနှင့် ပဲခူးတိုင်း အရှေ့ဘက် တို့ကိုလည်း မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် တိုက်တွန်းထားသည်။