ရန်ကုန်၊ ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ သံချပ်ကာတပ်ရင်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး သံချပ်ကာကား ၄ စီးကိုပါ သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီမှစတင်ပြီး ဗန်းမော်မြို့တွင် ကျန်ရှိနေသော စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း ၊ ယခု မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့ရှိ သံချပ်ကာတပ်ရင်းကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
“ဗန်းမော်သံချပ်ကာတပ်ရင်းကို သိမ်းပိုက်ပါတယ်။ သံချပ်ကာတင့်ကား ၄ စီးသိမ်းဆည်းရရှိထားပါတယ်” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီး ပစ်ခတ်မှုများကို အကြီးအကျယ်လုပ်နေပြီး ဒရုန်းများပါ တိုက်ပွဲအတွင်း အသုံးပြုခုခံနေကြောင်း၊ စကခ ၂၁ တွင် တိုက်ပွဲ အပြင်းအထန်ဆုံးဖြစ်ပွားနေကြောင်း ပြောဆိုသည်။
ဗန်းမော်မြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေရာတွင် အဓိက စခန်းကြီး ၂ ခုဖြစ်သော စကခ ၂၁ နှင့် ဗန်းမော် ခလရ ၄၇ တို့သာ ကျန်ရှိတော့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ရန် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်တစ်ခုလုံးကို KIA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဗန်းမော်မြို့မှာမူ ယနေ့အချိန်အထိ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း မိုးမောက်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ရရှိစဉ် ရရှိထားသော သံချပ်ကာကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar