ရန်ကုန်၊ ဇန်နဝါရီ ၂၇
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကင်မွန်းတောင့်ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမွှာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း နွေဦးတော်လှန်ရေး – မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ က ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အမွှာ ကလေးငယ် ၂ ဦ အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာပါ။ သေဆုံးသွားတဲ့ ထဲမှာ ကလေးငယ် ၂ ဦးပါတယ်။ အမွှာတွေလို့တော့ သိရပါတယ်” ဟု နွေဦးတော်လှန်ရေး – မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ လုံးခန့်ပြာကျခဲ့ကြောင်း TNLA ထံမှ သိရသည်။
အုမ္မတီးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၁ ကြိမ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၁ ကြိမ် နှင့် ဇန်နဝါရီလ ၂၆ ရက် ညနေ ၅နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ ခန့် ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း နောင်ချိုမြို့ ရဲစခန်းနှင့် ပါရမီ လက်ဖက်ရည်ဆိုင်ကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၈ ဦး သေဆုံးပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA က အသိပေး ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar