ရန်ကုန်၊ ဇန်နဝါရီ ၂၇
စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီ၏ အိုးဘိုထောင်တွင်း တရားရုံးက ထောင် ဒဏ် ၃ နှစ်ချမှတ်ထားခံရပြီးနောက် သီးသန့်အဆောင်တွင် ထားရှိကြောင်း မန္တလေးအိုးဘိုထောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒေါက်တာနေစိုးမောင်ကို မန္တလေး အိုးဘိုထောင်အတွင်း တရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ချ မှတ်လိုက်ကြောင်း၊ သို့ရာတွင် ၎င်းကို အခြားအကျဉ်းသားနှင့်အတူ ထားရှိခြင်းမရှိဘဲ သီးသန့်ခွဲခြားထားရှိကြောင်း၊ လက်ရှိ ကျန်းမာရေးကောင်းမွန်ကြောင်း၊ အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်ဖြစ်သည့်အပြင်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်ခြင်းတို့ကြောင့် ဒေါက်တာနေစိုးမောင်ကို အကျဉ်းဦးစီးဌာနက ၎င်းတို့၏ အစီအစဉ်ဖြင့် သီးသန့်ထားရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခြားအကျဉ်းသားတွေနဲ့ ရောနှောထားတာမျိုး မဟုတ်ဘူး။ သူ့ကိုတော့ သီးသန့်ထားရှိတယ်။ အခွင့်ထူးခံသဘောမျိုးတော့လည်း မဟုတ်ဘူး။ သီးသန့်အဆောင်မှာထားတာ” ဟု အိုးဘိုထောင်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်လည်းဖြစ်၊ အာဏာရှင်ဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်၏ ဖခင် ဒေါက်တာနေစိုးမောင်ကို အ ကြမ်း ဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လူမှုကွန်ရက်တွင် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ ယခင်ဒုကာကွယ်ရေးဝန်ကြီး တင်စိန်ဖြစ်သည်။ ဒေါက်တာနေစိုးမောင်သည် တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။
NLD ပါတီဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုနှင့်ပတ်သက်၍ ဒေါက်တာနေစိုးမောင်က အောက်တိုဘာလ ၇ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြေကွဲ၍ ခံစားချက်များ ပြင်းထန်ခဲ့ရကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ခံစားချက်တွေပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်
ကိုယ့်ပြည်သူတွေအတွက်
ကိုယ့်တာဝန်ယူတဲ့ဒေသ တိုးတက်အောင်
အားကြိုးမန်တက် ဆောင်ရွက်ပေးခဲ့ပေမဲ့
ဆရာ နေမကောင်းတဲ့ ကာလမှာ
ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ခဲ့လို့
စိတ်မကောင်းဖြစ်ရပါတယ် ဆရာ….
မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့
အိပ်စက် အနားယူပါတော့ ဆရာ….
နောင်ဘဝမှာ လူဖြစ်ခဲ့လျင်
လွတ်လပ် တရားမျှတပြီး
လူကို လူလို ဆက်ဆံတဲဲ့ နိုင်ငံမှာ
လူပြန်ဖြစ်ပြီး
လူသားတွေရဲ့ အကျိုးကို
ဆက်လက်သယ်ပိုးပေးနိုင်ပါစေ… ဆရာ….။” ဟု ရေးသားခဲ့သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုအပေါ် အာဏာရှင်ဟောင်း ဦးသန်းရွှေက မင်းအောင်လှိုင်ကို နားမချလေသလားဟု လူမှုကွန်ရက်တွင် မေးမြန်းလာမှုများကို ဒေါက်တာနေစိုးမောင်က “ကျွဲပေါင်းစောင်းတီး” ဟု Reply ပြန်ပေးခဲ့သည်။
ဒေါက်တာနေစိုးမောင်က စစ်အာဏာသိမ်းမှုကို မနှစ်သက်ကြောင်း မကြာခဏဆိုသလို လူမှုကွန်ရက်တွင် ရေးသားလေ့ရှိပြီး “မြန်မာပြည်သူအပေါင်း လေ ယာဉ်သံ ဗုံးသံတွေကင်းစင်ပြီး ဘေးမသီ ရန်မခ အိပ်ပျော်တဲ့ညတွေဖြစ်ပါစေ” ဟု စစ်တပ်၏ လေယာဉ်ဖြင့် ပြည်သူများအပေါ် ဗုံးကျဲနေမှုကို အောက်တို ဘာလ ၃ ရက်နေ့တွင် ဝေဖန်ရေးသားခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar