ကျိုက်လတ်ရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းများကို ငွေကြေး ထောက်ပံ့ရန်ဟုဆိုကာ လောင်းကစားဝိုင်းများ ပြုလုပ်နေပြီး ရဲနှင့်စစ်တပ်က ဖမ်းဆီးခြင်းမရှိဘဲ ခွင့်ပြုထား
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်ရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းများကို ငွေကြေး ထောက်ပံ့ရန်ဟုဆိုကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလပိုင်းမှစ၍ ကျိုက်လတ်မြို့နယ် အတွင်းရှိ သာယာဝဲကျေးရွာ ၊ အလန်းတွတ်ကျေးရွာ ၊ ကလက်ယက်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာ အုပ်စုများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ စစ်မှုထမ်းများကို ငွေကြေး ထောက်ပံ့နိုင်ရန်ဟုဆိုကာ လောင်းကစားဝိုင်းများ စည်ကားစွာပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လောင်းကစားဝိုင်းများတွင် ခြောက်ကောင် ၊ အန်ဂလုံ ၊ ကြက်ဝိုင်း နှင့် ဖဲဝိုင်းများ ပါဝင်ပြီး တစ်ပတ်ကို ၁ ကြိမ် မှ ၂ ကြိမ်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်း လောင်းကစားဝိုင်းများကို သာယာဝဲကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးဦး၊ အုပ်ချုပ်ရေးမှူးဟောင်း သန်းထွန်း၊ လောင်းကစားသမားများဖြစ်သော သန်းနိုင်၊ အလန်းတွက်ရွာမှ ထွန်းထွန်းတို့က ဦးစီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး မျိုးဦး ဦးဆောင်သော လောင်းကစားသမားများက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မင်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သက်ဝေနိုင် ၊ မြို့နယ် ရဲမှူးနှင့် စခန်းမှူး ၊ ခရိုင် ဓန အဖွဲ့မှ တပ်ကြပ်ကြီး ဇော်မင်းထွန်း တို့ကို ငွေကြေးပေး၍ လောင်းကစားဝိုင်းများ ပြုလုပ်နေသောကြောင့် ဖမ်းဆီးမည့်သူ မရှိကြောင်း သိရသည်။
“ဇန်နဝါရီလကစပြီး ကျိုက်လတ်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး စစ်မှုထမ်းတွေကို ငွေကြေး ထောက်ပံ့နိုင်ဖို့ လောင်းကစားဝိုင်းတွေကို စည်ကားစွာ ပြုလုပ်နေတာပါ။ ခြောက်ကောင်၊ အန်ဂလုံ၊ ကြက်ဝိုင်း ၊ ဖဲဝိုင်း စတဲ့ လောင်းကစားဝိုင်းတွေ ပါဝင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်ကနေ ၂ ကြိမ် ပြုလုပ်ကြတယ်။ လောင်းကစားဝိုင်းတွေကို သာယာဝဲကျေးရွာ အုပ်ကြီး ဦးမျိုးဦးနဲ့ အပေါင်းအပါတွေက ဦးဆောင်ပြုလုပ်နေတာပါ။ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ရဲ နဲ့ စစ်ခွေးတွေကိုလည်း ငွေပေးထားတော့ ဖမ်းမယ့်သူမရှိဘူး။ စစ်မှုထမ်းဖို့ လူတွေ မရှိတော့တဲ့အတွက် စစ်မှုထမ်းရရှိဖို့ ငွေကြေး မက်လုံးပေးဝယ်ယူတာ ဝင်ခိုင်းနေတာတွေ လုပ်ဖို့အတွက် လောင်းကစားဝိုင်းတွေ ပြုလုပ်ပြီး ရှာဖွေနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ကျိုက်လတ်မြို့နယ်ထဲမှ အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းထည့်သွင်းရန် လူငယ်များ မရှိတော့သည့် အတွက် အထက်ဌာနမှ ဖိအားပေးခြိမ်းခြောက်မှုကြောင့် စစ်မှုထမ်း အစားထိုးထည့်သွင်းရန် ငွေကြေး မက်လုံးပေး၍ ဝယ်ယူကာ စစ်တပ်ထဲထည့်နေရခြင်းကြောင့် စစ်မှုထမ်းများအတွက် ငွေကြေးထောက်ပံ့နိုင်ရန်အတွက် ဌာနဆိုင်ရာများကို ငွေကြေးပေး၍ ခွင့်ပြုချက်ယူပြီး လောင်းကစားဝိုင်းများပြုလုပ်ကာ ငွေရှာနေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးအဖွဲ့များက စီစဉ်နေသော လောင်းကစား၀ိုင်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)