31 C
Yangon

စစ်ကောင်စီကို နိုင်ငံတကာနှင့်ကုလသမဂ္ဂက အရေးယူပြီး ရွေးကောက်ပွဲကို ကန့်ကွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂက အရေးယူပြီး စစ်တပ်က ဦးစီး ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်သည်။

ယမန်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်သူများ၏ အသက် အနာဂတ်ကို ကယ်တင်ပေးနိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် စစ် တပ်မှ စီစဉ်လျက်ရှိသော အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန်၊ စစ်တပ်ထံသို့ လက်နက်များ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန်၊ စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီနှင့် အရပ်ဖက် စစ်ဖက် နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

လွန်ခဲ့သော ၄ နှစ်တာကာလအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ် အတိ ဖြစ်ကြောင်း၊ လူဦးရေ ၆,၂၃၀ ကျော်သော အပြစ်မဲ့ အရပ်သားပြည်သူများမှာ စစ်တပ်၏ မတရား သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း၊ ၃ ဒသမ ၅ သန်းကျော်သော ပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ လူသန်းပေါင်း ၂၀ ခန့်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ မြန်မာပြည်သူများအနေဖြင့် နေ့စဉ်ရက်ဆက် အကြောက်တရားအောက်တွင် အသက်ရှင် နေထိုင်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံဘေးကင်းမှုကို မခံစားရကြောင်း၊ ထိုမျှ ဆိုးရွားလှသော အခြေအနေများ ဖြစ်ပေါ်နေစေကာမူ ရာဇဝတ် စစ်တပ်က ရက်စက် ကြမ်းကြုတ်မှုများ၊ လူသားမဆန်သည့် ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်၍သာ ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအား ကူကယ်ရာမဲ့နေသည့် မိမိတို့အား ကူညီပေးကြရန် အသံကျယ်ကျယ် ဖြင့် အစဉ်တစိုက် တောင်းဆိုခဲ့ပါကြောင်း၊ ကနဦးတွင် ပြည်သူများက ကုလသမဂ္ဂ အနေဖြင့် ၎င်း၏ ကတိကဝတ်နှင့်အညီ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အား ဆောင်ကျဉ်းကာ ပြည်သူများ၏ အသက် အိုးအိမ်များကို အမှန်တကယ်ပင် အကာအကွယ်ပေးနိုင်လိမ့်မည်ဟု လေးလေးနက်နက် ယုံကြည်ခဲ့ကြကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူ လုပ်ဆောင်ချက်များကို စွမ်းဆောင်ရန် အစဉ်အဆက် ပျက်ကွက်ခဲ့သည့်ကို တွေ့မြင်လာရသည်နှင့်အမျှ ပြည်သူများမှ ထားရှိခဲ့သည့် ယုံကြည်ချက်နှင့် မျှော်လင့်ချက် တို့မှာ တစစ မှေးမှိန်ပျက်ပြယ်လာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်အဆို ၂၆၆၉ ရှိကြောင်း၊ သို့သော် ယင်းအား အကောင် အထည်ဖော် ဆောင်ရွက်မှု မရှိကြောင်း၊ မိမိအနေဖြင့် ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်းက ဤနေရာ၌ပင် နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေရ သည့်အခြေအနေကို တင်ပြခဲ့ကြောင်း၊ယခုတစ်ကြိမ်တွင်လည်း ထပ်လောင်း ပြောဆိုရမည်သာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အလွန်အမင်း အားမလိုအားမရ ဖြစ်နေရပါကြောင်း၊ သို့သော်လ ည်း မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်သည် အထိ ချုပ်ငြိမ်းရေးကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း၊ ပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြင့် မြန်မာနိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက် နိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ အသိပေး ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ယနေ့အချိန်အထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ် ကြီး ဦးကျော်မိုးထွန်းသည် ပြည်သူလူထုကို ကိုယ်စားပြုသော သံအမတ်ကြီးအဖြစ် ဆက်လက်ရပ်တည်နေပြီး မြန်မာပြည်သူများ၏ အသံများနှင့်ခံစားချက်များကို နိုင်ငံတကာသို့ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုကာ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးရန် ဆက်တိုက် တောင်းဆိုလျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article