လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားနေသူဟု ဝေဖန်ခဲ့သော သက်သက်ခိုင် အပါအဝင် ဝန်ကြီးတချို့ကို မင်းအောင်လှိုင်က ရာထူးမှ အနားပေးလိုက်ပြီး စစ်ဗိုလ်ချုပ်တချို့ကိုလည်း နေရာရွှေ့ အပြောင်းအလဲလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားနေသူဟု ဝေဖန်ခဲ့သော သက်သက်ခိုင် အပါအဝင် ဝန်ကြီးတချို့ကို အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့တွင် ရာထူးတာဝန်များမှ အနားပေးကြောင်း ကြေညာခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးအဖြစ် တာဝန်ပေးထားသော သက်သက်ခိုင်၊ အလုပ်သမားဝန်ကြီး မြင့်နောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး မင်းသိန်းဇံတို့ကို ဝန်ကြီးများအဖြစ် အနားပေးကြောင်း မင်းအောင်လှိုင်က ကြေညာခဲ့ပြီး ပြည်ထဲ ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးကာ ၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်း လဲတာဝန်ပေးအပ်ခဲ့သည်။
အနားပေးခံရသူများတွင် ထူးခြားမှုမှာ NLD အမတ်ဖြစ်ခဲ့သော်လည်း ပါတီမှ နုတ်ထွက်ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ထူထောင်ခဲ့ သက်သက်ခိုင်ကို အနားပေးမှုပင်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီသည် အမတ်နေရာ တစ်ခုမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ်ခဲ့သော်လည်း သက်သက်ခိုင်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့သည်။ ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဝန်ကြီးရာထူးတာဝန်များမှ အနားပေးခံရခြင်းဖြစ်သည်။
တစ်ချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားပြီး ခြေမပေါ်သူအဖြစ် မီဒီယာများမှတစ်ဆင့် ဝေဖန်ခဲ့သော သက်သက်ခိုင်သည် စစ်ကောင်စီလက်ထက်တွင် ဝန်ကြီးဌာန ၂ ခု၏ တာဝန်ခံ ဝန်ကြီးရာထူး ရရှိခဲ့သော်လည်း မည်သည့် ရလဒ်မှ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့၍ အနားပေးခံရသည်ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။
“လူ/ကယ်ပြန်မှာ သူဝန်ကြီးလုပ်တုန်းက ၂၀၂၃ ခုနစ် မေလလယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းက ရခိုင်ဘက်ကို ဝင်ရောက်တိုက် ခတ်ခဲ့တယ်။ ဒါပေမယ့် လူ/ကယ်ဝန်ကြီးဌာနအနေနဲ့ ဘာမှ ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့တာမရှိဘူး။ ဝန်ကြီးဌာနအချင်း ချင်းပူးပေါင်းဆောင်ရွက်မှုပါ မရှိခဲ့လို့ ကောင်စီအစည်းအဝေးမှာ သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရဘက်က မိုခါ မုန်တိုင်း ကူညီရေးတွေမှာ အကူအညီမရခဲ့ပါဘူးဆိုပြီး တင်ပြတိုင်တန်းခံခဲ့ရတာရှိခဲ့တယ်။ ဟိုတယ်/ခရီးဝန်ကြီးဖြစ်တော့လည်း သတင်းအတု သတင်းအမှား တွေကို ချေဖျက်ပြီး နိုင်ငံခြားဧည့်သည်တွေ ပိုမိုဝင်ရောက်ရေး ကောင်စီကနေ စီမံချက်နဲ့ ညွှန်ကြားခဲ့ပေမယ့်လည်း ဘာမှ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ကာ/လုံအစည်းအဝေး မတိုင်မီ အပြောင်းအလဲလုပ်ခံရမယ့် ဝန်ကြီးတွေထဲမှာ ဒေါက်တာသက်သက်ခိုင်က ရှေ့ဆုံးက နာမည်စာရင်းပါခဲ့တာပါ ” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ကို ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲ ခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်ခဲ့သည်။
အလားတူပင် စစ်ဘက်အရာရှိ တချို့ကိုလည်း မင်းအောင်လှိုင်က အပြောင်းအလဲလုပ်ခဲ့ပြီး ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းကို စစ်ထောက်ချုပ်အဖြစ်လည်းကောင်း၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းကို ရန်ကုန်တိုင်း တိုင်းမှူးအဖြစ်လည်းကောင်း၊ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးနေရာသို့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်ကျော်ကျော်ဟန် ကိုလည်းကောင်း အပြောင်းအလဲ လုပ်ခန့်အပ်ကြောင်း သိရှိရသည်။