ရေးမြို့နယ်၊ မြို့မရဲစခန်းတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသော အချုပ်သားများက လက်နက်လုယူ တိုက်ခိုက်ထွက်ပြေးမှု ဒုရဲအုပ် ၁ ဦး နှင့် တပ်သား ၂ ဦး သေဆုံးပြီး အချုပ်သား ၁ ဦးကို ရေးဘီလူးအဖွဲ့က ကယ်တင်ထားနိုင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့မရဲစခန်းတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသော အချုပ်သားများက လက်နက်လုယူ တိုက်ခိုက်ထွက်ပြေးမှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုအတွင်း ဒုရဲအုပ် ၁ ဦး နှင့် တပ်သား ၂ ဦး သေဆုံးပြီး အချုပ် သား ၁ ဦးကို ရေးဘီလူးအဖွဲ့က ကယ်တင်ထားနိုင်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ထမင်းပုံးပို့ချိန် ရေးမြို့နယ်၊ မြို့ မရဲစခန်း အချုပ်ခန်းအတွင်းမှ အချုပ်သား ၇ ဦးသည် လက်နက်များ လုယူ၍ အစောင့်ရဲများကို ပြန်လည် တိုက်ခိုက်ကာ ထွက်ပြေးခဲ့ကြကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဘက်မှ ဒုရဲအုပ် ၁ ဦး ဦးခေါင်းပွင့်၍ သေဆုံးခဲ့ပြီး ရဲတပ်သား ၂ ဦးလည်း သေဆုံးခဲ့ကြောင်း၊ အချုပ်သား ၇ ဦးအနက်မှ ၁ ဦးကို ရေးဘီလူးတပ်ဖွဲ့က ကယ်တင်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။
“အားလုံး အချုပ်ခန်းကနေ ထွက်ပြေးတာက ၇ ဦးရှိတယ်။ အဲဒီမှာ ပြန်မိတဲ့လူတွေလည်း ပြန်မိတယ်။ သူ့လမ်းနဲ့သူ ပြေးကြတော့ လူစုကွဲသွားတယ်။ ကျနော်တို့ ကယ်တင်ထားနိုင်တဲ့သူကို ကျနော်တို့ ကယ်တင်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နံနက်ပိုင်း ရေးမြို့မရဲစခန်းတွင် အချုပ်ခန်း ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ရေးမြို့ အဝင်အထွက်ကို ပိတ်ဆို့ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း လုံခြုံရေးများ တင်းကျပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရေးဘီလူးတပ်ဖွဲ့က ကယ်တင်ထားနိုင်သော နိုင်ငံရေးပုဒ်မဖြင့် တရားစွဲခံခဲ့ရသည့် အချုပ်သားတစ်ဦး
