ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို အမည်မသိ လူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျွန်းထိပ်ကျေးရွာအတွင်း စစ်မှုထမ်းကြေး ကောက်ရာ၌ ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံတတ်သော အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ဆိုင်ကယ်ဖြင့် ထောင့်ကြီး-မြောင်းမြ လမ်းအတိုင်း သွားလာနေစဉ် အမည်မသိ လူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ကျေးရွာအတွင်း လစဉ် စစ်မှုထမ်းကြေး တစ်အိမ်လျှင် ငွေကျပ် ၈ သောင်း ကောက်ခံနေသူဖြစ်ပြီး စစ်မှုထမ်းကြေးများကိုလည်း ၎င်းနေအိမ်တွင် သွားရောက် ပေးပို့ရကြောင်း၊ စားအုန်းဆီ ထုတ်ပေးရာတွင်လည်း အုပ်ချုပ်ရေးမှူး မိန်းမဖြစ်သူ ငန်းဌေးက အပြည့်အဝ မပေးဘဲ ပြည်သူများကို ဖိနှိပ်နေခြင်းကြောင်း၊ ၎င်းနေအိမ်တွင် စစ်မှုထမ်း အရွယ် သားမက်နှင့် သား ဖြစ်သူရှိသော်လည်း စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရှိရသည်။
“စစ်မှုထမ်းကိစ္စနဲ့ ပိုက်ဆံ ကောက်ရာမှာ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတတ်တဲ့ အုပ်ကြီး ဝင်းဦး ဆိုင်ကယ်နဲ့ သွားနေတုန်း ထောင့်ကြီး-မြောင်းမြသွား လမ်းပိုင်း တစ်နေရာမှာ လူတစ်စုက ညနေပိုင်း အချိန် အဝတ်တွေအုပ်၍ ရိုက်နှက်ကျတာ အဲရိုက်နှက်မှု ဖြစ်ပွားအပြီး နောက်ရက်မှာ အရက်ရောင်းတဲ့ အုပ်ကြီးဝင်းဦးရဲ့ အိမ်ကို လာရောက် အရက်ဝယ်တဲ့ လူငယ်လေး ၁ ဦးကိုလည်း သူ့ကို ရိုက်နှက်တဲ့သူလို့ စွပ်စွဲပြီး သူ့သား၊ သားမက်နဲ့ မိန်းမတို့က ဝိုင်းဝန်း ထိုးကျိတ်ခဲ့သေးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မြောင်းမြမြို့နယ်တွင် အတင်း အဓမ္မ စစ်မှုကြေး ကောက်ခံရာ၌ ပါဝင်နေသည့် ရန်မနိုင်တိုက်နယ် ရဲစခန်းမှ နယ်ထိန်းရဲ ရဲကိုနှင့် ယောက်ဖဖြစ်သူ ကျွန်းထိပ်ကျေးရွာမှ ထွေ/အုပ် စာရေး သန်းနိုင်တို့သည် ဆိုင်ကယ်ဖြင့် ထင်းပုံစုကျေးရွာမှ ချောင်းဗြဲကြီးကျေးရွာကို ပြန်လာစဉ် လမ်းတစ်နေရာ၌ လူတစ်စုက ထပ်မံ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဝိုင်းဝန်း ရိုက်နှက်မှုအတွင်း နယ်ထိန်းရဲ ရဲကိုနှင့် ယောက်ဖဖြစ်သူ ထွေ/အုပ် စာရေး သန်းနိုင်တို့၏ မျက်နှာနှင့် ခေါင်းတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်ထား၍ ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရန်မနိုင်တိုက်နယ် ရဲစခန်းက နယ်ထိန်းရဲ ရဲကိုနဲ့ ယောက်ဖ တော်စပ်သူ ကျွန်းထိပ်ကျေးရွာ ထွေ/အုပ် စာရေး သန်းနိုင်တို့ ၂ ဦး ဆိုင်ကယ်နဲ့ ထင်းပုံစုကျေးရွာကနေ ချောင်းဗြဲကြီး ကျေးရွာဘက်ကို ပြန်လာနေတုန်း လမ်းတစ်နေရာမှာ လူငယ်တစ်စုက ဝိုင်းဝန်း ရိုက်နှက်လို့ မျက်နှာနဲ့ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်ထား ထွက်ပြေသွားတယ်လို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
မြောင်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ရဲများအနေဖြင့် နေအိမ်မှ အပြင်သို့ ထွက်ခွာရာတွင် တစ်ဦးတည်းသွားခြင်းမပြုလုပ်ရန်နှင့် အုပ်စုဖွဲ့ သွားလာမှုများ လုပ်ဆောင်ကြရန် အကြမ်ဖက် စစ်တပ်ကလည်း ညွှန်ကြားထားကြောင်း သိရသည်။
ဓာတ်ပုံ – မြောင်းမြမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
