မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များအပေါ် အမေရိကန်၏ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်တည်ရှိမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မြန်မာ့စစ်အာဏာသိမ်းမှုကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့်နိုင်ငံခြား ရေးမူဝါဒအပေါ် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်သော အမိန့်ကို သမ္မတထရမ့်က ၁ နှစ် ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း အမေရိကန်အစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတဘိုင်ဒင်က ယင်းစစ်အာဏာသိမ်းမှုကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအပေါ် ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်သော အမိန့်အမှတ် ၁၄၀၁၄ ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ကြောင်း၊ ယင်းအမိန့်ကို နှစ်စဉ် သက်တမ်းတိုးလာခဲ့ရာမှ ယခုနောက်ဆုံး အမေရိကန်သမ္မတ ထရမ့်လက်ထက်တွင်လည်း ယင်းအမိန့်ကို ဆက်လက် ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အစိုးရခေါင်း ဆောင်များ၊ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ ဘာသာရေးခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ ပြည်သူလူထုအများစု၏ ဆန္ဒကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီအကူအပြောင်းနှင့် တရားဥပဒေစိုးမိုးမှုကို သွေဖယ်ခြင်းတို့မှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်မှုအဖြစ် သမ္မတအမိန့်ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ သတ်မှတ်ရန် ကွန်ကရက်လွှတ်တော်၏ အတည်ပြု ချက်မလိုဘဲ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့အရေးလှုပ်ရှားသူများ၏ အဆိုအရ အမေရိကန်အနေဖြင့် မြန်မာစစ်တပ်နှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဆက်လက်ထားရှိမည်ဖြစ်ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတွင်လည်း သံအမတ်ကြီးအဆင့် မထားဘဲ အဆင့်နှိမ့်ချထားမည်ဖြစ် ကြောင်း၊ မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်မူဝါဒ မပြောင်းလဲသည့်အတွက် မြန်မာနိုင်ငံသားများအတွက် ခိုလှုံခွင့်ပေးမှုများ ဆက် လက် သက်တမ်းတိုး၊ မတိုးကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်ပြော ဆိုကြသည်။
“စီးပွားရေးပိတ်ဆို့မှုတွေကတော့ ဆက်ပြီးရှိနေမယ်။ မင်းအောင်လှိုင် အပါ အဝင် အရေးယူပိတ်ဆို့ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အခြေအနေကလည်း ဆက် လက် ပိတ်ဆို့ခံနေရမှာ ဖြစ်ပါတယ်” ဟု မြန်မာ့အရေး သုံးသပ်သူ အီဂေါဗလစ်က သုံးသပ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar