29 C
Yangon

သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းနှင့် ရေဦးမြို့ ထွေ/အုပ် ရုံးတွင် အစည်းအဝေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းနှင့် ရေဦးမြို့ ထွေ/အုပ် ရုံးတွင် အစည်းအဝေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Federal Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ဦးဆောင်မှုဖြင့် Yangon Federal Army ( Y.F.A ) ၊ အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တောင်ညိုစစ်ကြောင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ Yangon Federal Army (Y.F.A) အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည့် အချိန်အထိ စွမ်းစွမ်းတမံ ထိရောက်စွာ တော်လှန်ရေးမဟာမိတ် အဖွဲ့များနှင့် ထိရောက်သော စစ်ဆင်ရေးများကို ဆက်လက် ဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း Yangon Federal Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ထွေ/အုပ်ရုံးတွင် အစည်းအဝေးပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ရေဦးမြို့ ထွေ/အုပ်ရုံး အတွင်း အစည်းဝေးပြုလုပ်နေသော စစ်သားများနှင့် ပျူစောထီးများကို ရေဦးမြို့နယ် ပကဖ drone အဖွဲ့က ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းက စုံစမ်းနေပါတယ်။ သူတို့က ကျွန်တော်တို့ကို drone တွေကိုလိုက်ပစ်လို့ ဗုံးသီး ၃ လုံးပဲ ချခဲ့ရတယ်။ စစ်ခွေးနဲ့ပျူစောထီး အင်အားက ၅၀ခန့် လိုပဲ သိရတယ်။ပထမတော့ သူတို့က အစည်းဝေးကို အထက ၁ ထဲမှာ လုပ်မယ်ဆိုပြီး၊ အစည်းဝေး စခါနီးမှာ ထွေအုပ်ဘက်ပြောင်းလုပ်တာ။ စခ တွေဘက်က ကျွန်တော်တို့ ဒရုန်းတွေကို လိုက်ပစ်တာ။ အထိအခိုက်ကတော့ အနည်းဆုံးတော့ ဒဏ်ရာတော့ ရမှာပါလို့ပဲ ပြောချင်ပါတယ်”ဟု ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article