29 C
Yangon

ညောင်ရွှေ ညောင်လေးပင်ရွာကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များပျက်စီး၊ တနင်္သာရီတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ညောင်ရွှေ ညောင်လေးပင်ရွာကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များပျက်စီး၊ တနင်္သာရီတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ညောင်ရွှေမြို့နယ် ၊ ညောင်လေးပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းအောက်ခံ အဖွဲ့က ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းမှနေ၍ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထုံမခါ ကျေးရွာနှင့် သဘော့လိပ်ငယ်ကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း၊ ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ညောင်ပင်ကွင်း ကျေးရွာအုပ်စု ထုံမခါ ကျေးရွာနဲ့ သဘော့လိပ်ငယ်ကျေးရွာကနေ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ရှောင်လာတဲ့ ပြည်သူတွေပါ။ စစ်ရှောင်ပြည်သူတွေကတော့ လိုအပ်ချက်တွေရှိပါတယ်။ စားနပ်ရိက္ခာတွေ လိုပါတယ်။ တိုက်ပွဲတွေကတော့ မနေ့က အထိ တိုက်ပွဲဖြစ်နေဆဲပါပဲ။ စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်သေးဘူး” ဟု နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article