26 C
Yangon

ရမည်းသင်းတွင် စစ်မှုထမ်းရန် လူငယ်များကို အဓမ္မ ဖမ်းဆီးနေသူ မြင်းနားကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းဦး၏ နေအိမ် မီးရှို့ခံရ၊ မီးလောင်ချိန် ရပ်ရွာပြည်သူများက ကူညီ မီးငြိမ်းသတ်ခြင်း မပြု၍ အိမ်ပြာကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးနေသူ မြင်းနားကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းဦး၏ နေအိမ် မီးရှို့ခံရပြီး မီးလောင်နေချိန် ရပ်ရွာပြည်သူအားလုံးက လာရောက်ကူညီ မီးငြိမ်းသတ်ခြင်းမပြုသဖြင့် အိမ်ပြာကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၂ နာရီအချိန် ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ မြင်းနားကျေးရွာအုပ် ချုပ်ရေးမှူး ဝင်းဦး၏ နေအိမ်ကို မီးဝင်ရောက်ရှို့မှုဖြစ်ပွားကြောင်း၊ အုပ်ချုပ်ရေးမှူး၏ နေအိမ် မီးလောင်နေစဉ် ကျေးရွာမှ ပြည်သူလူထုက မီးလောင်မှုကို လျစ်လျူရှုထားပြီး မည်သူကမှ မီးထွက်ငြိမ်းရန် ကူညီပေးကြခြင်းမရှိကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဝင်းဦး၏ နေအိမ်မှာ မီးလောင်ပြာကျသွားခဲ့ကြောင်း သိရှိရသည်။

“အုပ်ကြီး ဝင်းဦးက အသက် ၁၈ ကနေ အသက် ၃၅ နှစ်အထိ စစ်မှုထမ်း ခေါ်တာမှာ စခတွေ အလိုကျ ဖမ်းတာ ဆီးတာတွေ လုပ်တော့ ကျေးရွာပြည်သူတွေက သူ့ကို မနှစ်မြို့ကြဘူး။ အဲဒီမှာ အုပ်ကြီးအိမ်ကို မီးရှို့မှု ဖြစ်တယ်။ မီးလောင်တာ တစ်ရွာလုံး သိကြပေမယ့် ဘယ်သူကမှ ထလည်း မငြိမ်းကြဘူး။ ကူလည်း မကူကြဘူး။ မီးငြိမ်းပေးမယ့်သူမရှိတော့ တစ်အိမ်လုံး ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မီးရှို့ခံရသော အုပ်ချုပ်ရေးမှူး ဝင်းဦး၏ နေအိမ်သည် ရမည်းသင်းမြို့ အမှတ် ၃ လေ့ကျင့်ရေးတပ်နှင့် ကိုက် ၆၀၀ သာ ကွာဝေးပြီး စစ်တပ်ကလည်း လာရောက် ကူညီ မီးငြိမ်းသတ်ပေးမှု မလုပ်ခဲ့ကြောင်း သိရှိရသည်။

မြင်းနားကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းဦးက ၎င်း၏ အိမ် မီးရှို့ခံရပြီးနောက် စစ်တပ်ကို ခေါ်ယူကာ လုံခြုံရေး အကူအညီတောင်းကြောင်း၊ အုပ်ချုပ်ရေးမှူး ဝင်းဦးမှာ ရဲမာန်အောင် အမည်ဖြင့် ကုန်ပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားကြောင်း၊ သားသမီးများမှာလည်း ကုန်ပစ္စည်းနှင့်ကုန်စုံဆိုင်များ ဖွင့်လှစ်ထားကြကြောင်း၊ အုပ်ချုပ်ရေးမှူးဘ၀ ရောက်ရှိမှ ငွေကြေးချမ်းသာပြီး ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လုံခြုံရေး စစ်ဆေးနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လုံခြုံရေး စစ်ဆေးနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article