ရန်ကုန်| ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည် မြို့တော်ဖြစ်သော စစ်တွေမြို့အဝင် အမြင့်ကျွန်းရှိ စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီအချိန် စစ်တွေမြို့အဝင် အမြင့်ကျွန်းမှာ စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။
“မနေ့က ည ၉ နာရီမှာ အမြင့်ကျွန်းဘက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ လက်နက်ကြီး အသံတွေက မတူကြဘူး။ အသံကတော့ တော်တော်လေးကို ကျယ်တာ။ တိုက်ပွဲဖြစ်ခဲ့ကြတာပါ” ဟု မြို့ခံတစ်ဦးက ပြော သည်။
အာရက္ခတပ်တော် AA က စစ်တွေမြို့အနီးမှာ ကာရံထားသည့် စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းများကို လပေါင်းများစွာ ဝိုင်းရံပိတ်ဆို့ထားပြီး ယခု ဖေဖော်ဝါရီလတွင် ခပ်စိတ်စိတ် ထိုးစစ်ဆင်တိုက်ခိုက်လာနေသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီတွင်လည်း စစ်တွေမြို့အနီးက စစ်ကောင်စီတပ်စခန်း အနည်းဆုံး ၃ ခုကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
“ပါဒလိတ်၊ အမြင့်ကျွန်းနဲ့ ရေချမ်းပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို AA က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အရင်ကလည်း စနိုက်ပါတွေနဲ့ အပြန်အလှန်တိုက်ခိုက်တာတွေ ရှိပေမယ့် အခုကတော့ တကယ့် မြို့သိမ်းတိုက်ပွဲ စတင်ပြီထင်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အာရက္ခတပ်တော် AA သည် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများကို တိုက်ခိုက်နေသည့်အပြင် ရွှေမင်းဂံရေတပ်စခန်းနှင့် ကုလားတန်မြစ်ဝတွင် အထိုင်ချထားသော စစ်ကောင်စီ စစ်ရေယာဉ် သင်္ဘောများကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများပြုလုပ်နေသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ကင်းစခန်းအချို့ကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီး နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ရှိသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
“ပစ်ခတ်သံတွေက ညဘက်မှာ ပိုကြးရပါတယ်။ တိုက်ပွဲတွေ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ မြို့ထဲမှာတော့ လူတွေ သောလော့သောလော့ပဲ။ စိုးရိမ်စိတ်တွေနဲ့ ဘယ်ကိုသွားလို့ သွားရမှန်း မသိ ဖြစ်နေကြပါတယ်” ဟု စစ်တွေမြို့ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့များကလည်း လက်နက်ကြီးများ ပြန်လည် ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အာရက္ခတပ်တော် AA သည် မကွေး၊ ပဲခူး၊ ဧရာဝတိုင်းတို့နှင့် ထိစပ်နေသော ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေပြီး လက်ရှိတွင် စစ်တွေမြို့သိမ်းတိုက်ပွဲ ဦးတည်လာနေခြင်းဖြစ်သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar