ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရန်ကုန်ခေတ်သစ်သတင်းဌာနမှ CJ တချို့၏ သွားရောက်လေ့လာမှုနှင့်အဆိုပါဒေသအတွင်း လုပ်ကိုင်နေသော သတင်းရင်း မြစ်တချို့ ၏ ပြောဆိုချက်များအရ ထိုင်းနိုင်ငံက ကျားဖြန့်များကို နှိမ်နင်းမည်ဆိုသော အခြေအနေများကြောင့် ကျားဖြန့် လုပ်ငန်းပိုင်ရှင် တရုတ်များမှာ သွားလာရာတွင် ရှေ့နောက် BGF သို့မဟုတ် DKBA တပ်ဖွဲ့ဝင်များ လိုက်ပါသော လုံခြုံရေးကားများဖြင့် ခြံရံသွားလာကြကြောင်း သိရှိရသည်။
“ကျားဖြန့်လုပ်ငန်းလုပ်တဲ့ တရုတ်တွေကတော့ မြ၀တီထဲမှာ လုံခြုံရေးအခြံအရံ အပြည့်နဲ့သွားလာနေကြတုန်းပဲ။ ကျောက် ခက် မှာလည်း အတူတူပါပဲ။ နည်းနည်းအကောင်ကြီးရင် ရှေ့ရော နောက်ရော တပ်ဖွဲ့ဝင်တွေပါတယ်။ ပုံမှန်ဆိုရင်တော့ ရှေ့ကနေ လက်ကိုင်တပ်ဖွဲ့ဝင်တွေပါတဲ့ ပွိုင့်ကားက ရှေ့ကသွားတယ်။ တရုတ်တွေကတော့ ကားအကောင်းစားတွေနဲ့ မြ၀တီထဲမှာ အသွားအလာမပြတ် ဘူး” ဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ယင်းအခြေအနေကို မျက်မြင်တွေ့ရှိခဲ့ရသူ ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
BGF နှင့် DKBA က လူကုန်ကူးခံရသူများကို ပြန်လည်ကယ်ထုတ်ပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းမှုများရှိသော်လည်း ကျားဖြန့် လုပ်ငန်း လုပ်ကိုင်သည့် တရုတ်များကိုမူ တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ နေထိုင်သွားလာမှုများအတွက် လုံခြုံ ရေးပင် တိုးမြှင့်ပေးထားကြောင်း သိရှိရသည်။
“တရုတ်၊ ထိုင်းနဲ့ နိုင်ငံတကာ ဖိအားပေးလာလို့ လူကုန်ကူးသူတွေ ပြန်ပို့ ပြန်လွှဲလုပ်ပြတာ။ တကယ်တမ်းက ရွှေက္ကိုလ်နဲ့ ကျောက်ခက်မှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေ ထောင်နဲ့ချီ ကျန်နေသေးတယ်။ ကျားဖြန့် ပိုင်ရှင်တရုတ်တွေလည်း အသွားအလာမပြတ်ဘူး။ ဒါက နိုင်ငံတကာ ဖိအား လျှော့သွားအောင် ဟန်ပြလုပ်ပြတယ်ဆိုတာ သိသာတာပဲ” ဟု ယင်းဒေသတွင် ရောက်ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။
ကျားဖြန့်များကို အကာအကွယ်ပေးထားသည့် နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့များကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အဆိုပါ အထူးအဖွဲ့တွင် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိက တာဝန်ယူထားကြောင်း BGF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
BGF က ဖွဲ့စည်းထားသော ကျားဖြန့်နှိမ်နင်းရေးအဖွဲ့များတွင် အဖွဲ့ဝင် ၇ ဦးပါ အလုပ်အဖွဲ့ ၃ ဖွဲ့ လည်းပါဝင်ပြီး အဖွဲ့ ၁ တွင် ဗိုလ်မှူးကြီးစောဆန်းလင်းက အဖွဲ့ ခေါင်းဆောင် အဖြစ်လည်းကောင်း၊ အဖွဲ့ ၂ တွင် ဗိုလ်မှူးကြီး စောပါပီက အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အဖွဲ့ ၃ တွင် ဒုဗိုလ်မှူးကြီးစောမောင်တူးက ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူထားကြောင်း သိရှိရသည်။
“ကျားဖြန့် လုပ်တဲ့ တရုတ်တွေကို မဖမ်းဘဲ လူကုန်ကူးခံရသူလောက်ပဲ ပြန်လွှဲနေရင် ဘယ်လိုမှ ကျားဖြန့် နှိမ်နင်းရေးလုပ်တယ်လို့ မဆိုနိုင်ဘူး။ အခုဟာက ဖမ်းဖို့ နေနေသာသာ တရုတ်တွေ အပြင်ထွက်ရင် လုံခြုံရေး အခြံအရံ အပြည့် အစုံနဲ့ သွားလာနေတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်း လင်းပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ကျားဖြန့်ပိုင်ရှင်တရုတ်များကို BGF နှင့် DKBA တို့က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ယူ လိုက်လံစောင့်ရှောက်ပေးနေသည့် ဓာတ်ပုံမှတ်တမ်းနှင့် ဗီဒီယိုများစွာ ရရှိထားပြီး လုံခြုံရေးအရ ဓာတ်ပုံတချို့ကိုသာ ပြန်လည် ဖော်ပြနိုင်ပါသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


