မင်းလှတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုကြေး ငွေညှစ်နေသည့် ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေး ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုကြေး ငွေညှစ်နေသည့် ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာတွင် နေထိုင်သော ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲဘော်များက ၄င်းနေအိမ်အတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းထွေးသည် လူငယ်များကို စစ်မှုထမ်းရန် ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်းကြေးဟု ဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေ မပေးသူများကို စစ်တပ်ခေါ်၍ ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခြင်း၊ သစ်ဝါးတိုက်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြည်သူများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
” အုပ်ကြီး သန်းထွေးကို သူ့အိမ်ထဲမှာ ထိုင်နေတုန်း ရင်ဘတ် ၁ ချက်နဲ့ ခေါင်း ၁ ချက်ပစ်ခတ်ပြီး ရှင်းလိုက်ပါတယ်။ သန်းထွေးရဲ့ ရှေ့က အုပ်ကြီးက ကျွန်တော်တို့ သတိပေးတာကြောင့် နှုတ်ထွက်သွားတော့ သူက ဝင်လုပ်ပြီး ပြည်သူကို ဖိနှိပ်နေလို့အရေးယူရတာပါ။ စစ်မှုထမ်းကြေးတွေလည်း ပြည်သူ့တွေဆီက အတင်းအကြပ်ကောက်တယ်။ ပြည်သူလူထုရဲ့ တိုင်ကြားမှုကြောင့် ဖုန်းဆက်သတိပေးတာကို ငြိမ်မသွားဘဲ ပိုဆိုးလာလို့ အရေးယူရတာပါ” ဟု သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး သန်းထွေးထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခုနှင့် ထောက်ခံစာ စာရွက်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် နှင့် စစ်တပ် ဒေါက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အသိပေး ထုတ်ပြန်ထားသည်။
