ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စစ်မှုထမ်း တပ်သားသစ် အောင်တင်မြင့် သည် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်ကောင်စီ တပ်သား အောင်တင်မြင့်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ကားစီးလာစဥ် အုတ်ဖိုတာဆုံ စစ်ဆေးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်များက စစ်ဆေး ဖမ်းဆီး၍ အတင်းအဓမ္မခြိမ်းခြောက်ကာ စစ်တပ်ထဲ ထည့်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းအပတ်စဥ် ၆ တပ်သား အဖြစ် စစ်သင်တန်း တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပုဏ္ဏားကျွန်းကနေ ရန်ကုန်ကို လာရင်း အုတ်ဖိုတာဆုံဂိတ်မှာ စစ်ခွေးတွေက သူစီးလာတဲ့ကားပေါ်ကနေ ဆင်းခိုင်းတယ်။ သူ့မှတ်ပုံတင်ကြည့်တော့ ရခိုင်လူမျိုးဆိုတာတွေရော AAနဲ့ ပတ်သတ်တယ်ဆိုပြီး ဖမ်းလိုက်တာ ပြီးတော့ စစ်ခွေးတွေက ထောင် ၅ နှစ်ကျခံမလား စစ်တပ်ထဲဝင်မလားမေးတယ်တဲ့ ထောင်ထဲရောက်သွားရင်လည်း လွတ်လမ်းမမြင်လို့ စစ်တပ်ထဲပဲဝင်မယ်ပြောပြီး ရှေ့တန်းရောက်မှ ထွက်ပြေးမယ်လို့တွေးထားတာတဲ့ စစ်သင်တန်းပြီးလို့ အုတ်ဖို ခမရ ၆ ကို ပြန်ရောက်ပြီး အဲ့ကနေ ထန်းပင်ကုန်းဂိတ်မှာ နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ ကင်းစောင့်ဖို့ တာဝန်ကျနေတာ ၄ ရက်ရှိပြီပြောတယ်။ အခုမနက် ကျန်တဲ့ စစ်ခွေးတွေအလစ်မှာ ကျွန်တော်တို့ ရှိမယ်ထင်တဲ့ တောဘက်ကို ထွက်ပြေးလာရင်းက ရဲဘော်တွေနဲ့တွေ့လို့ စခန်းမှာအလင်းဝင်တာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဆက်လက်၍လည်း ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေသော ဝရမ်းပြေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်တွင် တာဝန်ထမ်း ဆောင်နေကြသည့် စစ်သားများအနေဖြင့် အလင်းဝင်ကြရန်နှင့် လက်နက်နှင့်အတူ အလင်းဝင်လာပါက ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေးထုတ်ပြန်ထားသည်။
အလားတူ ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ ခမရ-၅၈၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် သေနတ် ၃ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လယ်ဒိုမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) ထံ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၈၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သား သစ် ၃ ဦးဖြစ်သည့် အသက် ၂၁ နှစ်အရွယ် တပ်သားမြတ်မင်းသူ ၊ အသက် ၂၄ နှစ်အရွယ် တပ်သားဝင်းမင်းကို နှင့် အသက် ၂၀ နှစ် အရွယ် တပ်သားမိုးသောက်ယံ တို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်မှုထမ်း တပ်သား ၃ ဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရကာ အတင်း အဓမ္မ စစ်မှုထမ်း စေခိုင်းခြင်း ခံခဲ့ရသူများဖြစ်ပြီး လက်နက်ချ အလင်းဝင်လာစဉ် MA-3 ၂လက်၊ (MA-1 ၁လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆) တောင့်၊ လက်ပစ်ဗုံး (၁) လုံး တို့ကို ယူဆောင်လာခဲ့ကြောင်းသိရှိရသည်။
ထိုသို့ လက်နက်ချ အလင်းဝင်လာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို လယ်ဒိုမြို့နယ် တာဝန်ရှိသူများနှင့် တပ်ရင်း ၉ မှ တာဝန်ရှိသူများက တစ်ဦးလျှင် ငွေ ကျပ် ၁၀ သိန်းစီ ချီးမြှင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးကာ အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသော တပ်သားများ အနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ ထံ ရရာနည်းဖြင့်လက်နက်ချ အလင်းဝင်ကြရန် KNU ဗဟိုက တိုက်တွန်း နှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









