ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကလေးမြို့နယ်၊ ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့ပြီး ၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲတွေက ငြိမ်နေပါပြီး မရှိတော့ဘူး။ စစ်တပ်က လေယာဉ်နဲ့ ဒိုးနွယ်ရွာကို မနေ့က ဗုံးကျဲတာ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၁၀ လုံးလောက် ပျက်စီးသွားတယ်။ ၃ လုံးက မီးလောင်ပြာကျသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာမှ အသက် ၁၀၀ နှစ်အရွယ် အဖွားအို ၁ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း 8+အညာမြေအင်အားစု၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှိုင်းနှင့် We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး ကျေးရွာနေပြည်သူ အသက် ၁၀၀ နှစ်အရွယ် အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ခြေ ၅၀ လောက်အထိပါသွားတယ်။ အနေ့ ညနေပိုင်းအထိ မီးမငြိမ်းသေးလို့ ငြှိမ်းနေဆဲပါပဲ။ လက်ရှိတော့ စခစစ်ကြောင်းက ကျောက်ဆောက်ရွာကို မီးရှို့ပြီးတော့ ဆက်ထွက်သွားတာ ကားတန်းကတော့ ကျောက်ဆောက်ရွာရဲ့ အရှေ့ဘက် လေညှင်းတောင်ကုန်းကို ရောက်နေတယ်။ ရှေ့ ပြေးကတော့ ဝက်ကျရွာထဲကို ရောက်ပြီ” ဟု 8+အညာမြေအင်အားစု၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ရှိုင်းက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့မှ Non CDM ဝန်ထမ်းများကို ခေါ်ဆောင်ကာ ကား ၃၂ စီး၊ ခြေလျင်စစ်ကြောင်းများဖြင့် ပခုက္ကူမြို့သို့ ထွက်လာခဲ့ခြင်းဖြစ်ပြီး လမ်းကြောင်း တ လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းခံရ ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ သေဆုံးအကြမ်းဖက်စစ်သားများကို လည်း ကျောက်ဆောက်ရွာတွင် မီးရှို့ကာ အလောင်းဖျောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးသွားသော မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာ
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar













