ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မန္တလေးအိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ သေဆုံးသွားခဲ့ပြီး စစ်တပ်က သတင်း မပေါက်ကြားရန် ဖုံးကွယ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦး ဆောင် အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀(ည) တို့ဖြင့် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရသော အသက်(၆၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီမှာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဒေါ်စန်းရီ ကျဆုံးမှုကို အကျဉ်းဦးစီးဌာနက ဖုံးကွယ်ထားပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကျဆုံးမှုကို အပြင်ကို သတင်းမထွက်ဖို့အတွက် ထောင်တွင်းသေဆုံးမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်။ ဒီကိစ္စကို ရဲတပ်ဖွဲ့ရော စစ်တပ်ရော အကျဉ်းဦးစီးဌာနက ဖုံးကွယ်ဖို့ ကြိုးစားနေလို့ ဒါကို နိုင်ငံတကာကရော မြန်မာပြည်သူတွေကရော ၀ိုင်းဝန်းတိုက်တွန်းဖို့ တောင်းဆိုချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။
သေဆုံးသွား နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တွင်ရှိနေစဉ် ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၀ ရဲစခန်းကို ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့သည့် လူငယ် ၃ ဦးကို ဝှက်ပေးထားသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀(ည) တို့ဖြင့် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသူ တစ်ဦး အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ သေဆုံးရမှုသည့်အတွက် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ ထပ်မံသေဆုံးမှုများမဖြစ်ပေါ်စေရန်အတွက် အကျဉ်းထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တောင်းဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
