ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ပြည်သူအများအပြားကို ထိခိုက် သေဆုံးစေခဲ့သည့် စက်တပ်လေထီးများကို စစ်ကောင်စီက ထိရောက်ပြီး စရိတ် အလွန်သက်သာသော လေကြောင်း စိုးမိုးရေး လက်နက်အဖြစ် တပ်ရင်းတပ်ဖွဲ့တိုင်းနှင့် စစ်ကြောင်းများတွင် မဖြစ်မနေ အသုံးပြုရန် ညွှန်ကြားလာကြောင်း နေပြည်တော်တပ် သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှစတင်၍ အကုန်အကျများနေသည့် ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခြင်းအစား စစ်ကောင်စီက စက်တပ်လေထီးများကို စရိတ်သက်သာစွာဖြင့် အသုံးပြုနိုင်ရေး အစားထိုးရန် ညွှန်ကြားခဲ့ကြောင်း၊ ယင်းနောက် စက်တပ်လေထီးဖြင့် ပစ်ခတ်တိုက်ခိုက်သော စစ်သားများကို လေ့ကျင့်ပေးမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စက်တပ်လေထီးများဖြင့် ပြည်သူများကို ပစ်ခတ်တိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“တပ်ရင်းတပ်ဖွဲ့တိုင်းနဲ့ စစ်ကြောင်းတွေမှာ Paramotor တွေကို လေ့ကျင့်သင်ကြားကြဖို့နဲ့ ကုန်ကျစရိတ် သက်သာပြီး ထိရောက်တဲ့ မြေပြင် ဝေဟင် စိုးမိုးရေး လက်နက်တစ်ခုအဖြစ် အသုံးပြုကြဖို့ ညွှန်ကြားလာပါတယ်” ဟု နေပြည်တော် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ စက်တပ်လေထီး ခေါ် Paramotor များကို ကရင်ပြည်နယ်၊ ဧရာ၀တီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် အဓိက အသုံးပြုနေပြီး ကျန်ရှိနေသော ရှေ့တန်းစစ်မြေပြင်များတွင် မဖြစ်မနေ တိုးချဲ့သုံးစွဲရန် ညွှန်ကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။
စက်တပ်လေထီး-Paramotor များကို အသုံးပြုရန် မောင်းနှင်ရေးနှင့် တိုက်ခိုက်ရေး စစ်သားများ အဓိက လိုအပ်ရာ ယင်းအတွက် တပ်ရင်းတပ်ဖွဲ့များတွင် လေထီးစစ်သားများ ပါဝင်သော အစုအဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက် လေ့ကျင့်သင်ကြားရန် လည်း ညွှန်ကြားနေကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနေသော နေရာများနှင့် ဒေသများကိုလည်း စက်တပ်လေထီး-Paramotorများဖြင့် ကင်းထောက်ရန်နှင့် တိုက်ခိုက်ရန်မှာလည်း ထိရောက်နည်းလမ်းတစ်ခုအဖြစ် စစ်ကောင်စီက သုံးသပ်ထားကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်း မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီးရှိ တောင်သူများ စုဝေးနေထိုင်သည့် တဲစုကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ရာ အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စစ်ကောင်စီတပ်၏ စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုကြောင့် အဓိက ထိခိုက်ဒဏ်ရာရရှိသေဆုံးသူများမှာ အရပ်သားပြည်သူများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယခု ဖေဖော်ဝါရီလအတွင်း ပျံသန်းနေသော စစ်ကောင်စီ၏ စက်တပ်လေထီးတစ်ခု။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
