ဝီဂါ မွတ်စလင် ဒုက္ခသည် ၄၀ ကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် တရုတ်နိုင်ငံသို့ ပြန်ပို့ပြီးနောက် ထိုင်းနိုင်ငံတစ်ဝန်း လက်တုံ့ပြန် တိုက်ခိုက်မှု ဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ထိုင်းအစိုးရက နိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံနေသည့် ဝီဂါ မွတ်စလင် ဒုက္ခသည် ၄၀ ကျော်ကို အတင်းအကျပ် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပြီးနောက် လက်တုံ့ပြန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်၍ လုံခြုံရေး အထူး သတိပြုကြရန် အမေရိကန်သံရုံးနှင့် ဂျပန်သံရုံးက ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများထံသို့ သတိပေးကြေညာချက်များ ထုတ်ပြန်လိုက်ကြသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံအတွင်း ခိုလှုံနေထိုင်နေသော ဝီဂါမွတ်စလင် ဒုက္ခသည် ၄၅ ဦးကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ အတင်း အကျပ် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ အတိတ်ကာလကလည်း ယင်းကဲ့သို့ အတင်းအကျပ် ပြန်လည်ပို့ ဆောင်မှုများကြောင့် လက် တုံ့ပြန်တိုက် ခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း ဝီဂါမွတ်စလင်ဒုက္ခသည်များကို တရုတ်နိုင်ငံသို့ ပို့ ဆောင်ခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ Erawan Shrine နတ်နန်းတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက် ကွဲမှုအတွင်း လူ ၂၀ သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲသော နတ်နန်းမှာ တရုတ်ခရီးသွားများ အများဆုံး လာရောက်လည်ပတ်သောနေရာဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသို့ ခရီးသွားမည်ဆိုပါက လုံခြုံရေး အထူးသတိထားရန်နှင့် ဒေသအာ ဏာပိုင်များ၏ ညွှန်ကြားချက်ကို လိုက်နာကြရန်၊ သတိဖြင့် သွားလာကြရန် အမေရိကန်သံရုံးက သတိပေးချက်ထုတ် ပြန်သည်။
အလားတူ ဘန်ကောက်ရှိ ဂျပန်သံရုံးကလည်း ထိုင်းနိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများအတွက် လုံခြုံရေး သတိပေးချက်များထုတ်ပြန်ထား သည်။
ထိုင်းအစိုးရက ဝီဂါမွတ်စလင် ၄၀ ထက်မနည်းကို တရုတ်နိုင်ငံသို့ အတင်းအကျပ် ပို့ဆောင်မှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ရှုတ်ချထားသည်။
ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ်နှင့် ဝီဂါမွတ်စလင်များကို တရုတ်နိုင်ငံသို့ အတင်းကျပ် ပြန်လည်ပို့ဆောင်ရာတွင် အသုံးပြုခဲ့သော အလုံပိတ်ရဲကား။
