အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်ခြင်းမှာ သေ တွင်း ပို့သည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထား ကူညီစောင့်ရှောက်ပေးရန် NUG က မေတ္တာရပ်ခံ
ရန်ကုန်၊ မတ် ၄
အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံတွင်း တရားမဝင် နေထိုင်အလုပ်လုပ်မှုဖြင့် ဖမ်းဆီးရရှိထားသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်နေခြင်းမှာ သေ တွင်းသို့ ပို့ဆောင်နေသည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထားစွာဖြင့် ကူညီစောင့်ရှောက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ မေတ္တာရပ်ခံ လိုက်သည်။
ယနေ့ ထုတ်လွှင့်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်တွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။
“အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို အကြမ်း ဖက်စစ်အုပ်စုလက်ကို ပြန်လည်အပ်နှံခြင်းဟာ သေတွင်းထဲ ပြန်ပို့တဲ့သဘောဆောင်နေတာမို့ မိမိတို့နိုင်ငံအလိုက်ထုတ်ပြန်ထားကြတဲ့ “မိခင်နိုင်ငံသို့ပြန်ပို့ခံရချိန်တွင် အသက်အန္တရာယ် ကျရောက်နိုင်လျှင် ပြန်ပို့ခြင်းကိုတားမြစ်သည့် ဥပဒေ၊ ညွှန်ကြားချက်များ” နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကူညီစောင့်ရှောက် ပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံရပ်ခြားကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ သက်ဆိုင်ရာနိုင်ငံအလိုက် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုတွေ စံနှုန်းတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အဓမ္မစစ်သားစုဆောင်းခြင်းများကို တရားလက်လွတ် လုပ်ဆောင်လာနေကြောင်း၊ တစ်နှစ်အတွင်း အပတ်စဉ် ၁၀ ခု နီးပါး အဓမ္မစုဆောင်းခဲ့သည့်အပြင် ပေါ်တာဆွဲခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ပြန်ပို့သူများကို အဓမ္မစစ်သားစုဆောင်းခြင်း၊ အမျိုးသမီးများကိုပါ အဓမ္မစစ်သားစုဆောင်းဖို့ စတင်လာခြင်း၊ အကျဉ်းထောင်များမှ လူငယ်များကို အဓမ္မစစ်သားစုဆောင်းခြင်း၊ လူငယ်များ၏ နိုင်ငံတကာထွက်ခွာမှုကို ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ရောက်ရှိနေသူများကို လက်ပါးစေ သံရုံးများမှတဆင့် အကျပ်ကိုင်ပြီး တိုင်းပြည်အတွင်း ပြန်လည် ဝင်ရောက် အဓမ္မစစ်မှုထမ်းစေရန် ကြိုးစားခြင်းများကို လုပ်ဆောင်လာကြောင်း NUG က ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းထားများသူကို လအနည်းငယ်ခန့် စစ်သင်တန်းတက်စေပြီး ချက်ချင်းဆိုသလို ရှေ့တန်းစစ်မျက်နှာများသို့ စေလွှတ်ကာ လူသားဒိုင်းသဖွယ် အသုံးပြုနေကြောင်း၊ ယင်းကိစ္စမှာ နိုင်ငံနှင့်ချီပြီး ကျူးလွန်နေသည့် အဓမ္မအလုပ်စေခိုင်းမှု(Forced Labor)၊ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်တွေမှုဖြစ်သဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများက လက်ပိုက်ကြည့်မနေဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်မှုဆောင်ရွက်ကြရန် NUG က မေတ္တာရပ်ခံသည်။
အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုဒဏ်ကို ခံနေရသည့် လူငယ်ထုကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် တတ်စွမ်းသမျှ ကူညီဆောင်ရွက်လျက်ရှ်ကြောင်း၊ အဓမ္မစစ်သားစုဆောင်းခံရပြီးနောက် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းလာသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို ကြိုဆိုလက်ခံလျက်ရှိကြောင်း NUG က ထုတ်ပြန်ပြောဆိုသည်။
ဓာတ်ပုံ-၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ထိုင်းအစိုးရ၏ ပြန်လည် လွှဲပြောင်းမှုခံလိုက်ရသည့် မြန်မာလူငယ်များ
