ရန်ကုန်၊ မတ် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ဒေသပြည်သူများက သွား ရောက် တားမြစ်ရာမှ အချင်းများပြီး MNDAA က ပစ်ခတ်၍ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ၊ မုံးစီးကျေးရွာအုပ်စု ၊ ပြိန်းခမ်းကျေးရွာအနီး ရွှေတူးဖော်ရေးလုပ်ငန်းခွင်သို့ ဒေသပြည်သူများက ရွှေမတူးရန် သွားရောက် တားမြစ်ခဲ့ကြကြောင်း၊ ယင်းနောက် MNDAA က သေနတ်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ရွှေတူးတဲ့တာဟာတွေကြောင့် ရွာသူရွာသားတွေနဲ့ ပြည်သူတွေအတွက် သောက်သုံးရေ၊ ချိုးရေ၊ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်လာရင် စိုက်မရ ပျိုးမရဖြစ်မှာမို့ ပထမ သွားတားတယ်။ သူတို့က နမ်လိမ်းချောင်းမှာ ရွှေတူးဖို့ လုပ်ကြတာ။ တားတဲ့ကြားထဲက ဆက်တူးကြတော့ သွားတားကြရင်းနဲ့ ပြဿနာတက်ကြတာ။ နောက်တော့ MNDAA တပ်ဖွဲ့ယူနီဖောင်းဝတ်တွေ ရောက်လာပြီး ပစ်ခတ်လို့ ပြည်သူ အခုနောက်ဆုံး ၆ ဦးသေတယ်လို့ သိရတယ်။ ဒီလို ပစ်ခတ်သူတွေ ကျူးလွန်သူတွေကို အရေးယူဖို့ ဆန္ဒထုတ်ဖော်တာရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရွှေတူးဖော်ရေးလုပ်ငန်းများကို နားလေးရွာ၊ မန်ဘုံရွာ၊ မုံးစီး၊ ဘန်ယန်းခါးရွာနှင့် ပင်းခန်ရွာတို့မှ ပြည်သူများက တားမြစ်ခဲ့ကြခြင်းဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် သေဆုံးသူများတွင် ရွာလူကြီး ၂ ဦးနှင့် ဒေသ အရပ်သားပြည်သူ အမျိုးသား ၄ ဦး ပါဝင်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
