ရန်ကုန်၊ မတ် ၆
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ကားပေါ်မှ ဆွဲချ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ကိုမျိုးမင်းအောင် အလင်းဝင်ရောက်လာကြောင်း Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ပခုက္ကူတပ်မ ၁၀၁ တွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၅ နှစ် အရွယ် စစ်မှုထမ်း တပ်သားသစ် ကိုမျိုးမင်းအောင်သည် တော်လှန်ရေး တပ်ဖွဲ့များထံသို့ အလင်းဝင်ရန် ချိတ်ဆက်လာသောကြောင့် Burma Revolution Rangers တပ်ဖွဲ့က သွားရောက် ခေါ်ဆောင် ပေးခဲ့ကြောင်း၊ရန်ကုန်မြို့မှ ချောင်းဦးသို့ ပြန်လာစဉ် အမြန်လမ်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ကိုမျိုးမင်းအောင် စစ်တပ်ထဲမှ ထွက်ပြေး၍ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ကိုမျိုးမင်းအောင်သည် ချောင်းဦးမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့မှ ချောင်းဦးမြို့ကို ပြန်လာစဉ် အမြန်လမ်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် မိတ္ထီလာမြို့သို့ ပို့ဆောင်ကာ စစ်သင်တန်း တက်ရောက်ခိုင်းပြီး ပခုက္ကူတပ်မ ၁၀၁ သို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျနော် ဇာတိက ချောင်းဦးမြို့နယ်၊ ဇီးကုန်းကျေးရွာကပါ။ ကျနော်က ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ။ ရန်ကုန်ကနေ ပြန်လာတာ အမြန်လမ်းပေါ်မှာ အဖမ်းခံရတာ ခရီးသည်တင် EXPRESS ကားပေါ်ကနေ ဆွဲချပြီး ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ ” ဟု စစ်မှုထမ်းတပ်သားသစ် မျိုးမင်းအောင်က ပြောဆိုသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ်ကို Burma Revolution Rangers တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆက်လက် စောင့်ရှောက်ထားကြောင်း၊ အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာစွဲဖမ်းဆီးမှုများကို နေရာအနှံ့ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် အသွားလာအနေအထိုင်ဂရုစိုက်ကြရန်နှင့် စစ်မှုထမ်းရန် ဖမ်းဆီးခံရပါက Burma Revolution Rangers တပ်ဖွဲ့တွင်ဖြစ်စေ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များတွင် ဖြစ်စေ ဆက်သွယ်ပြီးအလင်းဝင်ရောက်ကြရန် ကိုကာတွန်းက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီအတွက် အသက်အသေမခံဘဲ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက် ခိုလှုံကြရန် Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ဖိတ်ခေါ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
