KK Park ကဲ့သို့သော ကျားဖြန့် ရာဇဝတ်ခြံဝန်းတစ်ခု၏ လျှပ်စစ်မီးသုံးစွဲမှုသည် ကရင်ပြည်နယ်မြို့တော် ဘားအံတစ်မြို့လုံးထက်ပင် များပြားဟုဆို
ကျားဖြန့်ဆိုသည့်နာမည်ဆိုးဖြင့် ကျော်ကြားသော မြဝတီမြို့အနီးက KK Park ဆိုက်ဘာငွေလိမ်ခြံဝန်းတစ်ခု၏ လျှပ်စစ်မီးသုံးစွဲမှုသည် ကရင်ပြည်နယ်မြို့တော် ဘားအံထက်ပင် များပြားခဲ့သည်ဟု Justice for Myanmar (JFM)အဖွဲ့က ထုတ်ပြန်ခဲ့သည်။
လက်ရှိ KK Park 1 နှင့် KK Park 2 ဟုဖြင့် ပြောင်းလဲဖွဲ့စည်းထားသော အဆိုပါ KK Park ငွေလိမ်ခြံဝန်း၏ မြေနေရာကို တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများက မြန်မာစစ်အုပ်စု ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထံမှ ငှားရမ်းထားခြင်းဖြစ်သည်။
KK Park တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှသာ အလုံးအရင်းနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ၊ ၁၀လအတွင်း အဆောက်အဦးသစ် အလုံးပေါင်း ၂၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကို ဂြိုလ်တုဓါတ်ပုံများမှတဆင့် မြင်တွေ့နိုင်သည်။
KK Park ဧရိယာနှစ်ခုလုံးအတွက် နေ့စဉ် ညအလင်းရောင်ထုတ်လွှတ်မှု အချက်အလက်များအရ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ညအလင်းပေးနိုင်မှုသည် တဟုန်ထိုး မြင့်တက်လာကြောင်း တွေ့ရသလို၊ ထိုဆောက်လုပ်ရေးလုပ်ငန်းများသည်လည်း အင်မတန်များပြားသော ဓါတ်အားရောင်းချထောက်ပံ့မှုကြောင့်သာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်း JFM ကဆိုသည်။
အထူးသဖြင့် အဆိုပါလျှပ်စစ်မီးသုံးစွဲမှု မြင့်တက်ခြင်းသည် ကရင်ပြည်နယ်မြို့တော် ဘားအံ၏ ညအလင်းပေးနိုင်မှုနှင့် နှိုင်းယှဉ်သည့်အခါ ပို၍သိသာနေသည်။ ဘားအံမြို့တော်၏ ညအလင်းပေးနိုင်မှုသည် ပြီးခဲ့သည့် နှစ်များအတွင်း အနည်းငယ် ကျဆင်းလာခဲ့သည်။
Justice For Myanmar မှ ကြည့်ရှုခဲ့သည့် စစ်အုပ်စုထိန်းချုပ်ထားသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာဓါတ်အားလိုင်းမှ ကရင်ပြည်နယ်သို့ လျှပ်စစ်ပို့လွှတ်မှု တိုးမြင့်လာကြောင်း ပြသနေသည်။
ယင်းသည် နိုင်ငံဖြတ်ကျော် လျှပ်စစ်မီးရောင်းချမှုအား ထိုင်းနိုင်ငံမှ ကန့်သတ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် စစ်အုပ်စုသည် ငွေလိမ်ခြံကြီးများသို့ လျှပ်စစ်များ တိုးမြှင့်ရောင်းချခဲ့ကြောင်းနှင့် အဆိုပါရောင်းချမှုမှ အကျိုးအမြတ်များ ရရှိခဲ့ကြောင်းကို ညွှန်ပြနေသည်။
၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဓါတ်အားသုံးစွဲထောက်ပံ့မှုသည် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း၊ ကရင်ပြည်နယ်သို့ လျှပ်စစ်ဓါတ်အား ထောက်ပံ့မှုသည် ၂၀ မဂ္ဂါဝပ်ဝန်းကျင်မှ ၅၈ မဂ္ဂါဝပ်အထိ ရှိလာခဲ့ပြီး၊ သုံးဆနီးပါး မြင့်တက်လာခဲ့သည်။
ထိုသို့ နိုင်ငံတော်ဓါတ်အားလိုင်းမှ ဓါတ်အားထောက်ပံ့မှု တိုးမြင့်လာသော်လည်း မြဝတီရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများရှိရာ နေရာတဝိုက်တွင်သာ မီးအလင်းရောင်များ လျှံလျှံညီးခဲ့ပြီး၊ ဘားအံမြို့တော်ကဲ့သို့ ဒေသခံများ၏ နေရာများတွင်မူ ပို၍သာ မှောင်မိုက်လာခဲ့သည်။
သို့သော် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မူ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာဖိအားများကြောင့် ထိုင်းအစိုးရသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းများရှိရာ မြန်မာနယ်စပ်ဒေသများအား လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှုကို ဖြတ်တောက်ခဲ့သည်။
ထိုသို့ လျှပ်စစ်မီး ဖြတ်တောက်ခဲ့မှုသည် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် အရေးပါသော လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သော်လည်း၊ အဆိုပါ ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၏ ပြဿနာရင်းမြစ်ကို ပစ်မှတ်ထားခြင်းမရှိဘဲ လျှပ်စစ်မီးယာယီ ဖြတ်တောက်ရုံမျှဖြင့် အဆိုပါပြသနာများအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဆိုက်ဘာရာဇဝတ်လုပ်ငန်းများ ကြီးထွားပျံ့နှံ့လာခဲ့ရသည့် အဓိက ပြဿနာရင်းမြစ်များကို ဖြေရှင်းရန် အရေးကြီးကြောင်း JFM က အစီရင်ခံစာထုတ်ပြန်ကာ ထောက်ပြဝေဖန်ခဲ့သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်း (သို့မဟုတ်) ကျားဖြန့် လုပ်ငန်းများသည် မြန်မာစစ်တပ်၏ ရာဇဝတ် ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီးရဲ့ ဗဟိုချက်တွင် တည်ရှိနေခြင်းဖြစ်ပြီး၊ စစ်တပ်သည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို လက်သပ်မွေးကာ အဆိုပါလုပ်ငန်းများကို ထိန်းကြောင်းစေခြင်း ဖြစ်သောကြောင့်၊ မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များထံ စီးဆင်းနေသော ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်အားလုံး ဖြတ်တောက်ပြီး ၎င်းတို့ကျူးလွန်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရေး သည်သာလျှင် အဆိုပါ ဆိုက်ဘာငွေလိမ် လုပ်ငန်းများကို အမှန်တကယ် တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့သည်။
ပုံစာ- KK Parkနှင့် ဘားအံမြို့တို့၏ ညအချိန် မီးသုံးစွဲမှု နှိုင်းယှဥ်ပြဇယား၊ KK Park တည်ရှိရာ ရွှေကုက္ကိုမြို့သစ် တနေရာနှင့် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့၏ ညဖက်မြင်ကွင်းတချို့၊


