Khit Thit သတင်းဌာန၏ မတ် ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်ချုပ်တွေအပါအဝင်၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦး နဲ့ ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါ နိုင်ငံက ထပ်မံ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ မတ်လ ၈ ရက်နေ့မှာပါ တရားဝင်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို သူတို့ကသာ ကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီး တတွင်တွင် ပြောနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာရှိတဲ့ ကျောက်ကွင်း ကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့လာပြီး ဗုံးကျဲချမှုကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ ဗုံးထိမှန်ပြီး ပျံလွန်တော်မူသွားရတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်းက ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ထွန်းဝေနဲ့ ပျူစောထီး စိုးလွင်ဆိုသူတို့ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးစလုံး ပွဲချင်းပြီးသေသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
