ရန်ကုန်၊ မတ် ၁၃
မန္တလေးတိုင်းမှ ကျောက်ပန်းတောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး သန်းဇော်ဦး၊ ပဲခူးတိုင်းမှ ကြို့ပင်ကောက်နှင့် အုတ်တွင်းမှ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးငွေညှစ်နေသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ အုပ်ချုပ်ရေးမှူး သန်းဇော်ဦးကို ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်းဘေး၊ မြိုင်သာယာကျေးရွာ နေအိမ်တွင် တော်လှန်ရေးရဲဘော်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့၏ အရှေ့ဘက် ကျောက်ပုံ(တောင်)ကျေးရွာနှင့် ဝက်မထောက်ကျေးရွာကြား ကျေးရွာချင်းဆက်လမ်းတွင် ကျောက်ပန်းတောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး သန်းဇော်ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိရကြောင်း သိရှိရသည်။
” ကျောက်ပန်းတောင်း ဒုမြို့နယ်မှူး သန်းဇော်ဦး ပစ်သတ်ခံရတဲ့နောက်ဆက်တွဲ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ လူငယ်တွေ ကို အရမ်းဖမ်းဆီးနေပါတယ်။ မြို့ပေါ်မှာလည်း ညပိုင်း လူငယ်တွေကို စစ်တပ်နဲ့ ရဲက ရမ်းကားစစ်ဆေး ဖမ်းဆီးမှုတွေများနေပါတယ်။ အခုထက်ထိလည်း ဒုမြို့နယ်မှူး သန်းဇော်ဦးကို သတ်တဲ့ သူတွေ မမိပါဘူး” ဟု ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး လင်မယားကို ပစ်ခတ် တိုက်ခိုက်ရာ မယားဖြစ်သူ သေဆုံးခဲ့ကြောင်း ပဲခူးရိုးမ အခြေပြု BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ နန်းဝတီရွှေဆိုင် နှင့် ပဲ စပါး ရောင်းဝယ်ရေး လုပ်ငန်းရှင် ဖြစ်သော ပျူစောထီးအဖွဲ့ဝင် လင်မယားကို BTZM GBK PDF အရိုးမအခြေပြု တပ်ဖွဲ့မှ သွားရောက် ပစ်ခတ်တိုက်ခိုက်စဉ် မယားဖြစ်သူ သီရိစံ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျူစောထီး လင်မယားသည် ပြည်သူများမှ ယုံကြည်စွာ အပ်နှင်းထားသော ပဲ စပါးများကို အလွဲသုံးစားလုပ်၍ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး လာရောက် တောင်းရမ်းသူများကို ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေအနေနဲ့ စစ်ကောင်စီဝါဒ ဖြန့်တာတွေကို မယုံကြည်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပဲခူးရိုးမ အခြေပြု BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့အတူ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင်လည်း ဥယျာဉ်တော် ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ် သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ဥယျာဉ်တော် ကျေးရွာသည် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးတွင်ရှိပြီး ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းပိတ်၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ် – ကျောက်ပန်းတောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး သန်းဇော်ဦး သေဆုံးနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
