35 C
Yangon

ရမည်းသင်း ရွှေမြင်တင်တောင် ဘုရားပွဲသို့ လာသည့် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးမှုများ တောက်လျှောက်ဖြစ်နေ

Must read

ရန်ကုန်၊ မတ် ၁၃

မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရွှေမြင်တင်တောင် ဘုရားပွဲသို့ လာရောက်လည်ပတ်သည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများနှင့် ဖမ်းဆီးခံရသော လူငယ်များ၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ယမန်နေ့ မတ်လ ၁၂ ရက်နေ့မှ စတင်ကာ ရမည်းသင်းမြို့ ရွှေမြင်တင်တောင် ဘုရားပွဲသို့ လာရောက်သည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းနေခြင်းဖြစ်ပြီး ငွေကြေး တတ်နိုင်သည့် မိဘများက လူငယ်များကို တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ပြန်လည် ရွေးထုတ်ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် အင်ပင်ကြီးရွာမှ လူငယ် ၆ ဦး၊ ညောင်လေးပင်ရွာမှ လူငယ် ၂ ဦးနှင့် တခြား ကျေးရွာများမှ လူငယ် အများအပြား ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အခြားကျေးရွာများမှ ဖမ်းဆီးခံရသော လူငယ် အရေ အတွက် များပြားကြောင်း သိရှိရသည်။

“ရွှေမြင်တင်တောင် ဘုရားပွဲ သွားတဲ့ လူငယ်အများစုကို ပေါ်တာဆွဲ ဖမ်းဆီးနေတာ အင်းဇင်းရွာ တောင်ဘက် စစ် တပ်ဂိတ်ကနေ လာသမျှ လူငယ်တွေကို စစ်ခွေးတွေက ဖမ်းနေတာ ငွေကြေးရှိတဲ့ လူငယ်တွေဆို တစ်ဦးကို ငွေကျပ် ၄၅ သိန်းနဲ့ ပြန်ရွေးထုတ်ခိုင်းတယ်။ အင်ပင်ကြီးရွာနဲ့ ညောင်လေးပင်ရွာက လူငယ် ၈ ဦး စာရင်းပဲသိရတယ်။ ကျန်တဲ့ ရွာတွေက လူငယ်တွေလည်း ဖမ်းဆီးခံရတယ်။ ပေါ်တာဆွဲခံရတဲ့ လူငယ် အရေအတွက်များတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီး တိုက်နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကြောင့် ကျေးရွာနေ လူငယ်များ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုမတ်လပိုင်းမှ စတင်ပြီး မြစ်သားမြို့နယ်၊ ရွာခိုင်ကြီး တိုက်နယ်အတွင်းရှိ ကျေးရွာ အများစုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ နေအိမ်အထိ စစ်သားများက ရောက်ရှိလာပြီး လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်နေခြင်းကြောင့် လူငယ်များ ရွာလုံးကျွတ် ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မကြီးတိုင်းကျေးရွာ အုပ်စုနှင့် ကိုင်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေးများ တောင်းခံပြီး ငွေကြေးမပေးနိုင်သူများကို နေအိမ်ထိ လာရောက်ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသောကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ် အတွင်း မကြီးတိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးအောင် နှင့် ကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း သန်းငြိမ်း တို့သည် အိမ်ထောင်စု စာရင်းဇယားဖြင့် စစ်မှုထမ်းကြေးများ ပေးဆောင်ရန် အတင်းအဓမ္မ တောင်းခံပြီး ငွေကြေးမပေးနိုင်သူများကိုလည်း ခြိမ်းခြောက်တောင်းခံနေခြင်းကြောင့် ကျေး ရွာနေ လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အတူ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ မန်းကြားရွာတွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက လူငယ်များကို စစ်မှုထမ်းခိုင်းရန် မဲနှိုက်ခိုင်းနေပြီး စစ်မှုထမ်းရမည့် လူငယ်များ နေအိမ်တွင် မရှိပါက မိသားစုဝင်များကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ညပိုင်း သံပုံးတီးသူများကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ညပိုင်း သံပုံးတီးသူများကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article