ညောင်ကျိုးစခန်းမှာ ပဲခူးတိုင်းတွင် AA က ဒုတိယမြောက်သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်းဖြစ်လာ
ရန်ကုန်၊ မတ် ၁၄
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလမှစတင်ပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတပ်စခန်းတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များက လေကြောင်းမှတစ်ဆင့် အကြီးအကျယ်ခုခံခဲ့ကြောင်း၊ သို့ရာတွင် တိုက်ပွဲများ ၂ လနီးပါး ကြာမြင့်လာချိန်တွင် စစ်ကောင် စီတပ်များမှာ ညောင်ကျိုးစခန်းမှ စတင်ဆုတ်ခွာပြီး ယနေ့တွင်မူ အပြီးသတ် စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
“မတ်လ ၁၁ ရက်နေ့ကတည်းက ညောင်းကျိုးစခန်းကနေ စစ်တပ်က စဆုတ်ခွာတာ။ အခုတော့ စခန်းတော့ ရသွားပြီလို့ကြေးနန်းရတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
AA က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ မိုးထိတောင် စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒုတိယမြောက်စခန်းအဖြစ် ညောင်ကျိုးစခန်းကို သိမ်းပိုက်ရရှိသွားခြင်းဖြစ်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခထံသို့ ညောင်းကျိုးစစ်ကောင်စီတပ်စခန်း သိမ်း ပိုက်ရရှိမှု အခြေအနေနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ တုံ့ပြန်ဖြေဆိုခြင်းမပြုပေ။
ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးသူများ များပြားပြီး အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများရှိကာ လက်နက်ခဲယမ်းများကိုလည်း AA က သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။
ညောင်ကျိုးစခန်း မကျစေရန်အတွက် စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များအပါအဝင် စစ်ကူအင်အားရာပေါင်းများစွာ ပေးပို့ခဲ့ပြီး လေကြောင်းပစ်ကူများဖြင့် တောက်လျှောက်ခုခံခဲ့သော်လည်း ၂ လနီးပါးကြာမြင့်လာချိန်တွင် စခန်းကို လက်လွှတ်ပြီး ဆုတ်ခွာ ထွက်ပြေးသွားရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များနှင့် စစ်ကူတပ်များမှာ လက်ရှိ ဥသျှစ်ပင်မြို့ကို အခြေပြု၍ အကြီးအကျယ် ခုခံစစ်ပြင်ဆင်နေကာ မြို့ကို အခြေပြုထားသော အမြောက်တပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် တစ်ချိန်လုံး ပစ်ခတ်နေကြောင်း၊ ဥသျှစ်ပင် မြို့အနီးတွင် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများကို ကျယ်လောင်စွာကြားနေရကြောင်း၊ စစ်ကောင်စီ၏ စစ်ယာဉ်တန်းများမှာလည်း ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်းတွင် အတက်အဆင်းများပြားနေကြောင်း သိရှိရသည်။
AA က ထိုးစစ်များကို ရခိုင်ပြည်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအတွင်းထဲအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လျက်ရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
