29 C
Yangon

စစ်ကောင်စီနှင့် ချုပ်ဆိုထားသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီးပွားရေးစာချုုပ်များ အကျိုးမရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ NUG က စာရေး အကြောင်းကြား

Must read

စစ်ကောင်စီနှင့် ချုပ်ဆိုထားသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီးပွားရေးစာချုုပ်များ အကျိုးမရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ NUG က စာရေး အကြောင်းကြား

ရန်ကုန်၊ မတ် ၁၈

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီနှင့် ချုပ်ဆိုထားသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီးပွားရေးစာချုုပ်များမှာ အကျိုးမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က စာရေး အကြောင်းကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။

ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် (၆/၂၀၂၅) တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း စစ်အာဏာတည်မြဲရေးအထောက်အကူပြုစေရန် စစ်လက်နက်ဝယ်ယူခြင်း၊ တရားမဝင်ငွေကြေးရှာဖွေခြင်း အပါအဝင် စစ်ရှုံးနေသည့် စစ်တပ်ကို လိမ်လည် ဓိတ်ဓာတ်မြှင့်တင်ရန်၊ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးထွက်ပေါက်ရှာရန် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စာချုပ်များ ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်များမှာ တရားမဝင်ကြောင်း ၎င်းက ဆိုသည်။

” မင်းအောင်လှိုင် ရုရှနဲ့ဘီလာရုစ်နိုင်ငံများကို သွားရောက်ခဲ့တာဟာ သူနဲ့ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် အထောက် အကူပြုရေး၊ စစ်လက်နက်များ ဝယ်ယူရေး၊ တရားမဝင်ငွေကြေးရှာဖွေရေး၊ မြန်မာပြည်သူများ၏ လုပ်အားကို အမြတ်ထုတ်ရေးနဲ့ လုပ်သားတင်ပို့ဖို့ဆိုတာတွေအပြင် စစ်ရှုံးနေတဲ့ သူ့စစ်တပ်ကို လိမ်လည်လှည့်စားပြီး စိတ်ဓာတ်မြှင့်တင်ဖို့ နဲ့ အတုအယောင် ရွေးကောက်ပွဲကနေပြီး နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်များဟာ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံသို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စာရေးသား ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်” ဟု ဦးကျော်ဇော်က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာသိမ်းမှုမတိုင်မီ ချုပ်ဆိုထားသော သဘောတူညီချက်နှ့် စာချုပ်များကိုသာ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုမိန့်နှင့် အတည်ပြုအမိန့်များ တောင်းခံကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းကို လက်မခံဘဲ ရပ်ဆိုင်းထားရန် အမိန့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဏာသိမ်းမှုမတိုင်မီက နိုင်ငံများအကြား ချုပ်ဆိုထားတဲ့ နယ်နိမိတ်သဘောတူညီချက်များအပါအဝင်၊ စာချုပ်များနှင့် သဘောတူညီချက်များကိုသာ တာဝန်ယူဆောင်ရွက်မှာဖြစ်တဲ့အတွက်၊ တရားမဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ တောင်းခံကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို လုံးဝမပြုလုပ်ကြရန်နဲ့ ဆောင်ရွက်ဆဲ တရားမဝင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် အထူးသတိပေးအကြောင်းကြားလိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီက တရားမဝင် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့မှ မတ်လ ၉ ရက်နေ့ အထိ ရုရှားနိုင်ငံနှင့်ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်ကို အလွန်အောင်မြင်သော ခရီးစဉ်အဖြစ် စစ်ကောင်စီက ကြေညာဂုဏ်ယူလျက်ရှိနေသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article