34 C
Yangon

ရန်ကုန်တွင် ငွေကျပ် ၉၆ ဘီလီယံကျော် မူးယစ်ဆေးဝါးများ ဖမ်းမိမှု AA နှင့်ပတ်သက်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက် နိုင်ငံရေးသိက္ခာချ ထိုးနှက်တိုက်ခိုက်ယုတ်မာမှုအဖြစ် AA က တုံ့ပြန်

Must read

ရန်ကုန်၊ မတ် ၂၀

ရန်ကုန်တွင် ငွေကျပ် ၉၆ ဘီလီယံကျော် မူးယစ်ဆေးဝါးများ ဖမ်းမိမှု AA နှင့်ပတ်သက်ဟု စစ်ကောင်စီ ထုတ်ပြန်ချက် နိုင်ငံရေးသိက္ခာချ ထိုးနှက်တိုက်ခိုက်မှုအဖြစ် AA က တုံ့ပြန်ပြောဆိုလိုက်သည်။

မတ်လ ၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၄၄ ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ် ၅၄၆/၅၄၇ ရှိ ဂိုဒေါင်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို အာရက္ခတပ်တော် AA စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနှင့် ဇနီးဖြစ်သော ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့်တို့က စီမံခန့်ခွဲပြီး မလေးရှားနိုင်ငံကို ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများမှာ ငွေ ကျပ် ၉၆ ဘီလျံကျော် တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုနှင့်အတူ မူးယစ်ကုန်ကူးအဖွဲ့ကို ရန်ကုန်မြို့တွင် ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေး ဖမ်းဆီးမှုဖြစ်စဉ်တွင် သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်ဆိုသည့် လူငါးဦးကို မော်တော်ယာဉ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင် နေထိုင်သည့် တင်မောင်ဝင်း၏ ကွပ်ကဲမှုနှင့် သန်းလွင်ဆိုသူက သယ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ တစ်ဆင့်ပြန်လည်ရောင်းချနေသည့် ဟိန်းစည်သူ(ခ)ဇော်ဇော်အောင် (ခ)အောင်ကိုကို(ခ) ထင်လင်းပြည့်နှင့် တင်လှ(ခ)စသစ်တို့ကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ထို့ပြင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး၊ ရွှေကောင်းသာ စက်လှေနှင့် မလေးရှားပင်လယ်ပြင်ကို တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုးကို လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်စပ်သူ မျိုးမင်းစိုး(ခ)ကိုမျိုး၊ ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင်နဲ့ ဇော်ဇော်အောင်တို့ကိုလည်း ဆိပ်ကြီးခနောင်တိုတွင် ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အာရက္ခတပ်တော် AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်းနှင့် ဇနီး မသီတာမြင့်တို့က တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနှင့်ရန်ကုန်မြို့တို့တွင် ကိုယ်ပိုင်ဂိတ်များ ရှိပြီး ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီး ပိုင်ဆိုင်ကြောင်း စစ်ကောင်စီက ဆိုသည်။

AA ၏ ထုတ်ပြန်ချက်တွင်မူ စစ်ရေး အရ ရှုံးနိမ့်နေသော စစ်ကောင်စီက AA ကို နိုင်ငံရေးသိက္ခာချ ထိုးနှက်တိုက်ခိုက်နေကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုတွင် AA ၏ အမည်နာမကို ထည့်သွင်းထားရုံမက သတင်းပါ ကိစ္စရပ်များကို အတင်းဆက်စပ် ပတ်သက်နေသည်ဟု စွပ်စွဲနေကြောင်း၊ မူးယစ်ဆေးဝါးသတင်းနှင့် AA အကြား မည်သို့မှ ဆက်စပ်မှု မရှိသည်ကို အတိအလင်း ပြတ်သားစွာ ပြောကြားလိုကြောင်း ထုတ်ပြန်သည်။

မူးယစ်ဆေးဝါး၊ ဒုစရိုက်မှုများ၊ ခေတ်သစ် အွန်လိုင်းလောင်းကစား ကျားဖြန့်ကိစ္စများမှာ အကြမ်းဖက်စစ်အုပ်စု ဖက်ဆစ် စစ်ကောင်စီ၏ ထိန်းချုပ်ထားသော နေရာများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကောင်စီမှ ခေတ်အဆက်ဆက် လက်သပ်မွေါ်ထားသော ပြည်သူ့စစ်များ ကြီးစိုးထိန်းချုပ်ရာ နယ်မြေများနှင့် အကျင့်ပျက် အဂတိ လိုက်စား လာဘ်ပေးလာဘ်ယူ စစ်ဗိုလ်ချုပ်ကြီးများ ပိုဆိုင်သော နေရာများတွင်သာ အဓိက တွေ့ရလေ့ရှီကြောင်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး ကိစ္စရပ်များအားလုံးတွင် ခြစား၊ လာဘ်စား စစ်ကောင်စီဗိုလ်ချုပ်ကြီးများ ပါဝင်ပတ်သက်နေမှုများရှိပြီး ၎င်းတို့၏ လက်ချက်သာဖြစ်ကြောင်း ၊ ငြင်းမရသော သက်သေအထောက်အထားများမှ သက်သေခံလျက်ရှိကြောင်း AA က ထုတ်ပြန်သည်။

စစ်ကောင်စီက ၎င်းတို့ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် နိုင်ငံရေးအောက်လုံး၊ ထိုးနှက်ချက်၊ သိက္ခာ ချမှုများကို အချိန်ကိုက်ပြုလုပ်လေ့ရှိသည်မှာ စစ်တပ်၏ လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုပင်ဖြစ်ကြောင်း၊ AA အနေဖြင့် မူးယစ်ဆေးဝါးနှင့် မည်သို့မျှ ဆက်စပ်မှုမရှိကြောင်း AA ထုတ်ပြန် ငြင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article