ရန်ကုန်၊ မတ် ၂၀
ထိုင်းနိုင်ငံ ချွန်ပူလီမြို့ Won Sinh Technology စက်ရုံတွင် မြန်မာအလုပ်သမားများကို အကြောင်းပြချက်မရှိ နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်မှုများ ဖြစ်ပွားနေကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ချွန်ပူလီမြို့ ရှိ Won Sinh Technology (Thailand) စက်ရုံတွင် မြန်မာအလုပ်သမားများကို အလုပ်ရှင်က ရည်ရွယ်ချက်ရှိရှိဖိနှိပ်မှုများလုပ်ဆောင်နေပြီး အလုပ်ပုံမှန် မဆင်းခိုင်းခြင်း၊ စက်ရုံတွင် လူများသည်ဟုသည့် အကြောင်းပြချက်နှင့် နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုစက်ရုံတွင် မြန်မာအလုပ်သမား ၉၀၀ ကျော်ရှိကြောင်း၊ စက်ရုံတွင် ထိုင်း၊ ဗီယက်နမ်၊ တရုတ် ၊ မြန်မာ အလုပ်သမားများ ရှိသည့်အထဲ မြန်မာအလုပ်သမားများကိုသာ သီးသန့်ဖိနှိပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“Won Sinh Technology ဆိုတဲ့ ပါကေးပြားစက်ရုံက အလုပ်ကောင်းတဲ့ အချိန်တုန်းက အလုပ်သမားတွေကို တိုးခေါ်ပြီး တရုတ်နှစ်သစ်ကူးပိတ်ပြီး ပြန်ဖွင့်တဲ့အ ချိန်ကတည်းက အလုပ်သမားတွေဟာ အလုပ်ပုံမှန် မဆင်းရတော့ပါဘူး။ တစ်ရက်ဆင်း တစ်ရက်နားပုံစံမျိုးနဲ့ သွားနေတာပါ။ တချို့ဆို သုံး၊ လေးရက်နားပြီးမှ တစ်ရက်ဆင်းလိုက်ဆိုတော့ အလုပ်သမားတွေ အရမ်းအဆင်မပြေဖြစ်ရပါတယ်” ဟု အဆိုပါ စက်ရုံမှ မြန်မာအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် အလုပ်မဆင်းရသည့် ရက်များတွင် အလုပ်သမားများအပေါ် နေ့စားကြေးပေးရန် တောင်းဆိုထားမှုကိုလည်း မည်သို့မှ အကြောင်းမပြန် ကြောင်း၊ ထိုင်းအစိုးရက တစ်နေ့လျှင် ထိုင်းဘတ် ၄၀၀ လုပ်အားခ ပေးရမည်ဟု သတ်မှတ်ထားသော်လည်း အလုပ်သမားများကို အလုပ်ပေါ် မူတည်၍ ကန်ထရိုက်ပုံစံဖြင့်သာ လုပ်ခိုင်းနေကြောင်း၊ ခွင့်မဲ့ ပျက်ကွက်တစ်ရက်ရှိလျှင်ပင် တန်း၍ အလုပ်ထုတ်ခြင်းများ လုပ်ဆောင်နေကြောင်း ၊ အလုပ်သမားများက အဆင်မပြေမှုများပြောကြားရာတွင်လည်း စက်ရုံက ပွဲစားနှင့်သာ ပြောရန် ပြောဆိုပြီး ပွဲစားကလည်း စက်ရုံနှင့်သာ ညှိနှိုင်းရန် ပြောဆိုကာ မည်သူက တာဝန်ယူ ဖြေရှင်းမပြုကြောင်း၊ အချင်းချင်း လွှဲချနေကြောင်း သိရှိရသည်။
“တရားဝင်အလုပ်ထွက်စာရေးပြီး ထွက်တဲ့ လူတွေကိုလည်း ဘိုင်ကျန့်အော်အတုတွေ ထုတ်ပေးတယ်။ နောက်အလုပ်ဝင်ရင် တိုင်ပတ်တာပေါ့ဗျာ.။ သူဌေးငှား ကျန့်အော် ပြန်ထုတ်ရတာ ။ မြန်မာငွေနဲ့ဆို ၁၀ သိန်းဝန်းကျင်လောက်ကုန်တယ် အဲဒါကလည်း ။ တခြားစက်ရုံ အလုပ်ဝင်ရင် ဘိုင်ကျန့်အောင် ပေးရတာ။ ကျန်အော်မပေးရန် MoU အလုပ်မရဘူး” ဟု မြန်မာအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုသို့ မြန်မာအလုပ်သမားများက ဖိနှိပ်မှုအမျိုးမျိုး ကြုံနေရသည့်အတွက် အလုပ်သမားများက ဆန္ဒပြတောင်းဆိုမှုများ လုပ်ဆောင်ခဲ့ဖူးပြီး ထိုသို့ ဆန္ဒပြတောင်းဆိုခဲ့သည့် အလုပ်သမားများကိုလည်း အဆိုပါ စက်ရုံမှ အလုပ် ထုတ်ပစ်ခြင်းများ စက်ရုံက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



