ရန်ကုန်၊ မတ် ၂၁
မကွေးတိုင်းအတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများနှင့် ပြည်သူများကို မန်းရွှေစက်တော်ဘုရားပွဲသို့ မဖြစ်မနေ လာရောက်ရန် စစ်ကောင်စီက ခြိမ်းခြောက် ဆင့်ခေါ်နေကြောင်း ခြိမ်းခြောက်ဆင့်ခေါ်ခံရသည့် ဝန်ထမ်းများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက မင်းဘူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ ၇၅ ရက်ကြာ မန်းရွှေ စက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓပူဇနိယ ဘုရားပွဲကို ကျင်းပလျက်ရှိသော်လည်း လူစည်ကားမှုမရှိဘဲ ဖြစ်နေကြောင်း၊ ထို့ ကြောင့် စစ်ကောင်စီက မကွေးတိုင်းစစ်ကောင်စီထံသို့ မန်းရွှေစက်တော်ဘုရားပွဲကို မဖြစ်မနေ လူစည်ကားစေရေး လုပ်ဆောင်ရန် ညွှန်ကြားလာကြောင်း၊ ထို့ကြောင့် မကွေးတိုင်းစစ်ကောင်စီက တိုင်းအတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများနှင့် ဒေသပြည်သူများကို မန်းရွှေစက်တော်ဘုရားပွဲသို့ အုပ်စုလိုက် မဖြစ်မနေ သွားရောက်ကြရန် ဖိအားပေး ခိုင်းစေလျက်ရှိကြောင်း သိရှိရသည်။
“ဝန်ထမ်းမိသားစုတွေကတော့ မြို့နယ်အလိုက်၊ ဌာနအလိုက် မန်းရွှေစက်တော်ဘုရားပွဲ သွားခိုင်းတယ်။ ခရီး စရိတ် နဲ့ ကားစီစဉ်ပေးတယ်။ အလှည့်ကျ မြို့နယ်ရုံးတွေ၊ ဌာနတွေအလိုက် သွားခိုင်းတာ။ ခွင့်ရက်တွေလည်းပေးနေတယ်” ဟု မကွေးမြို့ပေါ်မှ ကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကိုလည်း မန်းရွှေစက်တော်ဘုရား ပွဲ တော်သို့ မဖြစ်မနေ သွားရောက်ကြရန် မကွေးတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားလိုက်ပြီး မြို့ နယ်၊ ကျေးရွာနှင့်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို စုစည်းခေါ်ဆောင်ကာ သွားရောက်နေရကြောင်း သိရှိရသည်။
” မင်းဘူး မန်းရွှေစက်တော်ဘုရားပွဲမှာ လူမစည်လို့ ရွာတွေကနေ လူတွေစုခိုင်းပြီး သွားခိုင်းတယ်။ ကားအကြိုအပို့ စီစဉ်ပေးတယ်။ အုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ဦးဆောင်ပြီးသွားကြတယ်”ဟု မင်းဘူးမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၇၅ ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယင်းဘုရားပွဲတွင် စစ်ကောင်စီက တည်းခိုဆောင် အခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့်ကို ဆောက်လုပ်ထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
