ရန်ကုန်၊ မတ် ၂၁
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ ၃၅၃ ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် အကြမ်းဖက် စစ်ကောင်စီကို Article 33 နှင့် အရေးယူမည့်ပုံစံ ဆုံးဖြတ်ချက်ကြလာပြီဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည့် ညီလာခံတွင် မဲခွဲဆုံးဖြတ်အတည်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ ၃၅၃ ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကို မတ်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ဆွေးနွေးမှုတွင် အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ မည်သို့ မည်ပုံ အရေးယူမည်ဟူသည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“Article 33 နဲ့ အရေးယူမယ့်အထဲမှာ အရေးယူမယ့် ပုံစံတွေက ဘာတွေလဲဆိုတာကို အခု မတ်လ ၁၉ ရက်နေ့မှာ မြန်မာ့အရေးကိစ္စမှာ ဆွေးနွေးတာ ဖြစ်တယ်။ ဆိုတော့ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ အမှုဆောင် အစည်းအဝေးကတော့ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမလဲဆိုတဲ့ဟာကတော့ ဆုံးဖြတ်ချက်ကျပြီ။ အဲဒီဟာကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကနေပြီးတော့ မဲခွဲဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ILO ၏ Article 33 အရ အရေးယူဆောင်ရွက်ခြင်းသည် အကြမ်းဖက်စစ်တပ်နှင့် မပတ်သက်ရန် ပိတ်ဆို့အရေးယူခြင်းဖြစ်ကြောင်း၊ ထိုသို့ ပိတ်ဆို့အရေးယူရာတွင် လေယာဉ်များမှ တစ်ဆင့် တိုက်ခိုက်ခံနေရခြင်းကို ပိတ်ဆို့တားဆီးနိုင်မည့် Jet Fuel လေယာဉ်ဆီဖြတ်တောက်ခြင်း၊ စစ်လက်နက်ကိစ္စများအပါအဝင် ငွေကြေးစီးဆင်းမှု အဓမ္မလုပ်အားခိုင်းစေမှုအပါအဝင် လွတ်လပ်စာ သင်းပင်းဖွဲ့စည်းမှဒ ချိုးဖောက်မှုကို ဖြစ်စေသည့် လုပ်ရပ်များ၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ အရေးယူရန်တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ထံမှ သိရှိရသည်။
“အဓိကကတော့ ပိတ်ဆို့ အရေးယူမှုဖြစ်ပါတယ်။ ဘယ်ပေါ်မှာ အရေးယူတာလဲဆိုလို့ရှိရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ၊ လွတ်လပ်စွာ စုရုံးစည်းဝေးခွင့်၊ နိုင်ငံသားတစ်ယောက်ရဲ့ ဒီမိုကရေစီ အခွင့်အရေးပေါ့။ အဲဒါတွေ အပါအဝင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက်မှုမျိုးကို မဆို အဲဒါတွေပါတယ်။ ပြီးတဲ့အခါကျရင် အဓမ္မလုပ်အား ခိုင်းစေမှု။ ဒီလို ကလေးစစ်သား ခိုင်းစေမှု၊ ကလေးစစ်သားစုဆောင်းခြင်း၊ စစ်သားစုဆောင်းခြင်း၊ လူတွေကို လူသားဒိုင်းအဖြစ် သုံးခြင်း၊ ပေါ်တာထမ်းခိုင်းခြင်းပေါ့။ အဲဒါတွေ အပါအဝင် အဓမ္မ လုပ်အားခိုင်းစေမှုကို ဖြစ်စေသော အဲဒီ လုပ်ရပ်တွေအပေါ်မှာ အရေးယူတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေနဲ့ ထိစပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဲဒီကိစ္စတွေရပ်တွေ ချိုးဖောက်မှုတွေ ဖြစ်စေသော စီးပွားရေးလုပ်ငန်းတွေ ၊ ငွေကြေးစီးဆင်းမှုတွေ အဲဒါတွေကို ဖြတ်တောက်ဖို့အတွက် ဖြစ်တယ်။ သူတို့ အဲဒီနေရာမှာ ဘာပါ ပါသလဲဆိုလို့ရှိရင် လေယာဉ်ကနေပြီးတော့ အတိုက်ခိုက်ခံနေရတာ ရှိတယ်။ အဲဒီလေယာဉ်ကနေ အတိုက်အခိုက်ခံနေရတာကို ပိတ်ဆို့တားဆီးနိုင်ဖို့အတွက်ကို Jet Fuel လေယာဉ်ဆီ ဖြတ်တောက်တဲ့ ကိစ္စတွေ ၊ စစ်လက်နက်ကိစ္စတွေ အဲဒါတွေပါ အပါအဝင် ငွေကြေးစီးဆင်းမှု ၊ အဓမ္မ လုပ်အား ခိုင်းစေမှုကို ဖြစ်စေသော လွတ်လပ်စွာသင်းပင်းဖွဲ့စည်းမှု ချိုးဖောက်မှုကို ဖြစ်စေသော လုပ်ရပ်တွေကို၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူဖို့ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောဆိုသည်။
ထိုသို့ Article 33 နှင့် အရေးယူခံရမည့် ကိစ္စနှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်ဘက်ကလည်း အရေးယူမခံရရေး ကြိုးပမ်းနေပြီး အစီရင်ခံစာများ လိမ်လည်၍ တင်ခြင်းများ အပါအဝင် စက်ရုံများသို့ ကွင်းဆင်း၍ Article 33 နှင့် အရေးယူခံရပါက ပြည်သူနှင့် အုလပ်သမားထု ထိခိုက်မည်ဟူ၍ လိမ်လည်ပြောဆိုခြင်းများ လုပ်ဆောင်ကြောင်း၊ အယောင်ပြ အလုပ်သမား သမဂ္ဂအဖွဲ့များ ဖွဲ့စည်းသည့်အပြင် အယောင်ပြ အစိုးရ အလုပ်ရှင် အုလပ်သမား သုံးပွင့်ဆိုင် ယန္တရားဟူ၍ လုပ်ဆောင်နေမှုများလည်း ရှိကြောင်း ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM)ထံမှ သိရှိရသည်။
“စစ်ကောင်စီကတော့ သူ အာဏာရဖို့ နိုင်ငံကို ထိန်းချုပ်ဖို့အတွက်ကတော့ သူ ငွေလိုတယ်လေ။ ကျွန်မတို့က အဲဒီငွေလိုတဲ့ဟာကို ဖြတ်တောက်တဲ့ ကိစ္စကတော့ သူတို့ အထိနာမှာပါ။ အထိနာမှာ ဖြစ်လို့လည်း သူတို့ကနေပြီးတော့ ဒီ ILO အရေးယူမှု မခံရအောင်လို့ အစီရင်ခံစာတွေ လိမ်ညာပြီး တင်နေတာ ဖြစ်တယ်။ သူတို့ရဲ့ ဝန်ကြီးကိုယ်တိုင် စက်ရုံတွေမှာ မြေပြင်မှာ ကွင်းဆင်းပြီးတော့ Article 33 က ပြည်သူလူထုနဲ့ အလုပ်သမားထုကို ထိခိုက်မှာ ဆိုပြီးတော့ သူတို့ လျှောက်ပြောတယ်။ အဲဒါတွေကို သူတို့ အပြင်းအထန် မြေပြင်မှာ လိုက်လုပ်နေတာ ဖြစ်ပါတယ်။ အဲဒါက သူတို့ Article 33 အရေးယူမှာကို ကြောက်လို့ စိုးရိမ်လို့ ဖြစ်ပါတယ်။ အလုပ်လုပ်ချင်ရင် လူတွေက ငွေလိုတယ်လေ အဲဒီငွေကို ဖြတ်တောက်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကတော့ ထိကြမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
