26 C
Yangon

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကိုရီးယား အခြေစိုက် မြန်မာတော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်

Must read

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကိုရီးယား အခြေစိုက် မြန်မာတော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်၊ မတ် ၂၃

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကိုရီးယား အခြေစိုက် မြန်မာတော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးမှ စီစဉ်၍ ယနေ့ မတ်လ ၂၃ ရက်နေ့တွင် အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းမှ တဆင့် အဖွင့်အမှာ စကား ပြောကြားရာတွင် တော်လှန်ရေး အင်အားစုများ အကြား နားလည်မှုရရန်နှင့် အဖွဲ့အစည်းများ၏ အသံကို စုစည်းနိုင်ရန် ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း၊ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးအယူအဆနှင့် ဆွေးနွေးမှုများက အရေးကြီးကြောင်း၊ ဆွေးနွေးမှုများမှ တော်လှန်ရေး အတွက် အပြု သဘောဆောင်သော အချက်များကို ဖော်ထုတ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း ယခုအချိန်တွင် အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်နှင့် ရန်သူဘက်မှ စိမ့်ဝင် ထိုးဖောက်မှုများကို သတိပြုကာကွယ်ကြရန် အရေးကြီးကြောင်း၊ လမ်းကြောင်း လွဲမသွားကြစေရန် ယခုကဲ့သို့ ဆွေးနွေးပွဲများကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

ထို့ပြင် ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်ရုံး မှ “အဓိက နိုင်ငံရေးအင်အားစုများ၏ ရည်မှန်းချက်၊ လားရာနှင့် ဖြစ်တန်ရာခြေ” စာတမ်း၊ “မြန်မာနိုင်ငံအခြေအနေနှင့် နိုင်ငံတကာ၏ ဆက်ဆံရေး၊ သက်ရောက်မှု၊ အလားအလာ” စာတမ်း နှစ်စောင်ကို တင်ပြပြီး တက်ရောက်လာသူများက အကြံပြု မေးမြန်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ NLD-OC ကိုရီးယားမှလည်း “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် စံပြုဖက်ဒရယ်အခြေခံဥပဒေ နှိုင်းယှဉ်ဆွေးနွေးချက်”၊ MFDMC အဖွဲ့မှ “ပသုံးလုံး ပြဿနာများအပေါ် အပြုသဘောဆောင် အကြံပြုဆွေးနွေးချက်”၊ GMSR Korea မှ “စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်ပရောက်နိုင်ငံသားများအပေါ် ရိုက်ခတ်လာနိုင်မှု နှင့် တုံ့ပြန်မှု အခြေအနေ ဆွေးနွေးချက်”၊ Chin Youth Organization (CYOSK) မှ “နွေဦးတော်လှန်ရေး ၄-နှစ်တာကာလအတွင်း ချင်းပြည်နယ်၏ တော်လှန်ရေးခရီး” စာတမ်းများကို တင်ပြကြပြီး အပြန်အလှန် မေးဖြေ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယနေ့ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကို စုစည်းပြီး “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅” ရလဒ်များ အဖြစ် NUG အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို ဆွေးနွေးပွဲသို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ၊ MFDMC, NLD-OC, Rise Again Myanmar, ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့၊ အသောကသုခအဖွဲ့၊ ကလေးကဘော်ညီအစ်ကိုများ၊ ဂွမ်ဂျူးလူမှုရေးအသင်း၊ GMSR Korea, CYOSK, Kachin Community Korea, KYO ကရင်လူငယ်အဖွဲ့၊ ခရမ်းထောက်ပို့အဖွဲ့၊ Photographer Supporting Korea အဖွဲ့များက တက်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article