ရန်ကုန်၊ မတ် ၂၄
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် စစ်ရဟတ်ယာဉ်ဖြင့် လာချပေးသော ရိက္ခာများကို စစ်ကောင်စီတပ်သားများက ထွက်ယူစဉ် တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာကို Mi 17 ရဟတ်ယာဉ်ဖြင့် ရိက္ခာထုပ်များ ကျဲချပေးကြောင်း၊ အဆိုပါ ရိက္ခာများကို ထွက်ယူသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ဆင်ရေးတိုက်ခိုက်မှုက စစ်ခွေး ၂ ကောင် သေတယ်လို့ သိရပါတယ်။ အင်အား မမျှလို့ ရဲဘော်တွေ နောက် ပြန်ဆုတ်ခဲ့ရတာပါ။ လက်နက်ငယ်နဲ့ အနီးကပ် တိုက်ခိုက်ခဲ့တာပါ။ ရိက္ခာထုပ် ကျတဲ့နေရာ အနီးကနေ ခြုံခို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ၁၅ မိနစ်ခန့်ကြာပါတယ်။ နောက်ပိုင်း သူတို့ဘက်က အကူရောက် လာလို့ ရဲဘော်တွေ ပြန်ဆုတ်ခဲ့ကြတာပါ”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဒီပဲယင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
