ရန်ကုန်၊ မတ် ၂၄
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့ မှစတင်၍ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက KNU တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ခလယ်ဒေတပ်စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ တစ်နေ့လုံးတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၅၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း၊ ယနေ့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချနေကြောင်း သိရှိရသည်။
“ဒရုန်းတွေနဲ့ အဲဒီစစ်တပ်စခန်းကို ပူးပေါင်းတပ်တွေက စပြီးတိုက်ခိုက်တာပါ။ မြေပြင်မှာလည်း စစ်တပ်က စစ်ကူလာလို့မရတော့ဘူး။ တိုက်ပွဲကတော့ တပ်စခန်းက ခုခံပစ်နေတာ။ ဒီနေ့ လေယာဉ်နဲ့ ဗုံးကျဲတာတွေလည်းရှိတယ်။ စခန်းကိုတော့ ပိတ်ဆို့ထားတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ထိုင်း-မြန်မာနယ်စပ်အနီးတွင် တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရှိရသည်။
မတ်လ ၁၄ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်အနီး KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ပူးလူးတူ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သား ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU က သတင်းထုတ်ပြန်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


