25 C
Yangon

အုတ်တွင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၂၄

ပဲခူးတိုင်း၊တောင်ငူခရိုင် ၊အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးမီးလောင်ပြာကျခဲ့ကြောင်း တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့၌ အထိုင်ချ တပ်စွဲ ထားသော စစ်ကောင်စီတပ်သားများက ရည်ရွယ်ချက်ရှိရှိ ပြည်သူများနေထိုင်သော ကျေးရွာကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၇ လုံးလည်း မီး လောင်ပြာကျခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် တော်လှန်ရေး တပ်ဖွဲ့များကလည်း တိုက်ပွဲဖော်ဆောင်ခြင်းမရှိသည့် ကျေးရွာဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန်၊ စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းက သတိပေးသည်။

“အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့မှ လာရောက်တပ်စွဲထားတဲ့ စခတွေပါ။ ပြည်သူတွေ အနေနဲ့ အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားဖို့ ၊ စကစနဲ့ ဝေးဝေးရှောင်နေဖို့ တိုက်တွန်းချင်ပါ တယ်။ ပြီး‌တော့ တတ်နိုင်သမျှ သတင်းတွေ ဖတ်ပါ၊ ကိုယ်နဲ့မသက်ဆိုင်ဘူးဆိုပြီး ဖြစ်သလိုနေရင် မ‌ ကောင်းပါဘူး” ဟု တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အုတ်တွင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကများ ကျေးရွာများသို့ ဦးတည်သော ပစ်ခတ်မှုများ မကြာခဏ ဆိုသလို လုပ်ဆောင်နေသဖြင့်ပြည်သူများ ထိခိုက်သေဆုံးမှုများ၊ နေအိမ်များ ကျည်ထိမှန် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article