25 C
Yangon

ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီက ညအချိန် လေယာဉ်များဖြင့် ဗုံးများကျဲချ

Must read

ရန်ကုန်၊ မတ် ၂၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ KNU တပ်မဟာ ၇ နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန် KNU လက်အောက်ခံ KNLA တပ်မဟာ ၇ နယ်မြေရှိ စစ်ကောင်စီ၏ ခလယ်ဒေး ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါ စခန်းကို မတ်လ ၂၂ ရက်နေ့ ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်အကြာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ၊ ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း သိရှိရသည်။

” ညပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲသွားတယ်။ တစ်နေ့လုံးငြိမ်နေပြီးမှ ညပိုင်းမှာ ဗုံးကျဲတာ။ ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲမှာ စစ်သားတွေ ကစဉ့်ကလျား ထွက်ပြေး သွားတယ်။ ပြေးတဲ့သူများတယ်။ တော်လှန်ရေးဘက်တော်သားတွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပါတယ်။ ညပိုင်းက လေယာဉ်တွေ တောက်လျှောက် တက်လာလို့ သတိထားနေရတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီ၏ ခလယ်ဒေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် KNLA တပ်မဟာ ၇ တပ်မဟာမှူး ကိုယ် တိုင် ဦးဆောင်ပြီး KNLA တပ်ရင်း ၂၂ အပါအဝင် မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သိမ်း ဆည်းရရှိသော လက်နက်ခဲယမ်းများ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အုပ်စု နှစ်စုကွဲ၍ ထွက်ပြေးသွားကြောင်း ၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မဟာမိတ်တပ်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်အနီးတွင် တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးများ တိုးမြှင့်ထားသည့်အပြင် ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်များဖြင့် ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၁၄ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်အနီး KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ပူးလူးတူ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သား ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article